ရခိုင်တွင် ၃ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၇၀ ကျော် သေဆုံး

By Development Media Group (DMG)/ July 31

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ၃ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သဆုံးသူစုစုပေါင်း ၁၇၅ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းအထဲတွင် တောင်ကုတ်တွင် ၄၄ ဦး၊ စစ်တွေတွင် ၄၂ ဦး၊ သံတွဲတွင် ၂၀ ဦး၊ ကျောက်ဖြူတွင် ၁၄ ဦးတို့ဖြင့် သေဆုံးမှု အများဆုံးမြို့နယ်များဖြစ်ကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော မောင်တောမြို့တွင်လည်း ဇူလိုင် ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးသူ ၁၀ ဦးအထိရှိကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

ဇူလိုင် ၃၀ ရက်နေ့ တစ်ရက်တည်းတွင် မောင်တောခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃ ဦးအထိသေဆုံးခဲ့ပြီး ယင်းအထဲတွင် မောင်တောမြို့နယ်မှ ၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံက “မောင်တောမှာ မနေ့က ကိုဗစ်နဲ့အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးစုစုပေါင်း ၂ ဦးသေဆုံးတယ်။ မောင်တောမှာ ကိုဗစ်နဲ့သေဆုံးတာ ၁၀ ဦးထိရှိပြီ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း ဇူလိုင်လ ၂၆ ရက်နေ့မှ ယနေ့ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိသေဆုံးခဲ့ပြီး စုစုပေါင်းကိုဗစ်လူနာသေဆုံးသူ ၁၄ ဦးအထိ ရှိလာသည်။

သေဆုံးသူအများစုမှာ ရောဂါလက္ခဏာအခံရှိသူများဖြစ်ကြပြီး အသက် ၃၀ ကျော်အရွယ်မှ ၅၀ ကျော်အရွယ်အတွင်းရှိသူများ ဖြစ်သည်ဟုသိရကြောင်း ကျောက်ဖြူမြို့၊ လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောသည်။

“တစ်ပတ်အတွင်း သေဆုံးတာ ၁၀ ယောက်ကျော်ပြီ၊ ဒီနေ့သင်္ဂြိုဟ်တာ ၄ ယောက်ရှိတယ်၊ တစ်နေ့မှာ ၂ ယောက်သေတာ၊ ၁ ယောက်သေတာလည်းရှိတယ်၊ အဓိကတော့ သေဆုံးတဲ့လူနာတော်တော်များများကတော့ ရောဂါအခံရှိတယ်လို့သိရတယ်”ဟု ဆိုသည်။

လက်ရှိမှာ တရုတ်နိုင်ငံထုတ် (Sinopharm)အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ရခိုင်သို့ရောက်ရှိလာပြီဖြစ်သဖြင့် စတင်ဒထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းကစတင်ပြီး စစ်တွေမြို့တွင် သက်ကြီးပိုင်းများကို ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဇူလိုင် ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်းမှာ ၂၇၁၄ ဦးအထိရှိပြီး ယင်းအထဲမှသေဆုံးသူ ၁၇၅ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေရသူ ၈၆၀ ဦးရှိကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2074213996064334

Leave a Reply

Your email address will not be published.