ရခိုင်တွင် အကြမ်းဖက်ဖြင့် တရားစွဲဆိုခံထားရသူများထဲမှ လွတ်မြောက်သူ ၂၀ ဦးသာရှိပြီး မလွတ်မြောက်သူ ၁၅၂ ဦးထိရှိနေ

By Western News/ 2021 July 20

ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများထဲမှ ၂၀ ဦးသာ လွတ်မြောက်သေးပြီး မလွတ်မြောက်ဘဲကျန်ရှိနေသူ ၁၅၂ ဦးထိရှိသေးကြောင်း ရခိုင့်လူ့အခွင့်အရေး စောင့်ရှောက်သူများအဖွဲ့၏ အချက်အလက်များအရသိရသည်။

စွဲဆိုထားသည့်ပုဒ်မချင်းဆင်တူသော်လည်း တစ်ချို့မှာလွတ်မြောက်သွားပြီး တစ်ချို့မလွတ်မြောက်သေးခြင်းမှာ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းနေခြင်းဟုသာ ယူဆမိကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်လေ့လာ သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်း မှပြောသည်။

“အကြမ်းဖက်နဲ့စွဲထားတဲ့ပုဒ်မတွေထဲမှာ လောလောဆယ်တော့ လွတ်တာက ရခိုင်ဘက်က အယောက် ၂၀ ပဲရှိသေးတယ်။ အဲဒါက အဓိက မီဒီယာထိုးဖောက်မှုနဲ့ မီဒီယာရဲ့စွမ်းအားကြောင့်လည်းပါတယ်။ ပြီးတော့ သူတို့ဘက်ကလည်း အမှန်မတရားဖြစ်နေတာကိုမြင်လို့ ခုလိုလွှတ်လိုက်တယ်လို့ မြင်တယ်ပေါ့နော်။ မလွတ်သေးတဲ့သူတွေကိုတော့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းနေတာကြောင့် နည်းနည်းကြန့်ကြာ နေတာလို့ ယူဆရပါတယ်” ဟုပြောသည်။

အမှုများအမိန့်ချရန် ရုံးချိန်းပေါင်းမြောက်မြားစွာချိန်းဆိုခြင်းမှာလည်း တရာရုံးညွှန်ကြားချက်များကိုမျက်ကွယ် ပြုရာရောက်ပြီး ဥပဒေနှင့်လည်းမညီညွတ်ကြောင်း အကြမ်းဖက်ဖြင့်စွဲဆိုခံထားရသည့် အမှုတစ်ချို့ကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ညွှန့်မောင်ကို Western News က အကြမ်းဖက်အမှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“စွဲချက်အမိန့်၊ အပြီးသတ်အမိန့် တွေကိုအမိန့်မချဘဲရပ်တန့်ထားတာက တရားရုံးညွှန်ကြားချက်တွေနဲ့ဆန့်ကျင်ပါတယ်။ တရားရုံးမှာ အမိန့်ချမယ့်ဟာကို ရုံးချိန်းတွေအများကြီး ချိန်းလို့မရပါဘူး။ အဲဒါကြောင့် အမှုသည်တွေ အတွက်နစ်နာပါတယ်။ နောက်ပြီး တရားရုံးညွှန်ကြားချက်ကိုလည်းမျက်ကွယ်ပြုရာကျတယ်။ ကျနော်လိုက်နေတဲ့ အမှုတွေမှာလည်း အမိန့်ချလို့ရတဲ့အမှုတွေရှိတယ်။ ခုလိုမျိုးဆိုင်းငံ့ထားတာကတော့ ဥပဒေနဲ့မညီဘူးပေါ့” ဟုဆို သည်။

အကြမ်းဖက်ဖြင့် တရားစွဲဆိုခံထားရပြီး လွတ်မြောက်လာသူများမှာ စစ်တွေခရိုင်မှ ၁၄ ဦး မြောက်ဦးခရိုင်မှ ၆ ဦးတို့ဖြစ်ပြီး မလွတ်မြောက်သေးဘဲ တစ်ချို့ ၁ နှစ်ကျော်နှင့် တစ်ချို့ ၂ နှစ်ကျော်ခန့် တရားရင်ဆိုင်နေရသူများလည်း ရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးစောက်ရှောက်သူများအဖွဲ့၏ အချက်လက်များအရသိရသည်။AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်ကြေညာခဲ့ပြီးနောက် ရခိုင်တွင် AA နှင့်ဆက်စပ် သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူများရှိလာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း AA နှင့်ဆက်စပ်သည် ဟုဆိုကာ အကြမ်းဖက်ဥပဒေနှင့်တရားစွဲဆိုခံထားရသူအများစုမှာ လွတ်မြောက်ခြင်းမရှိသေးဘဲ ဆက်လက်တရားရင်ဆိုင် နေရဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/333527375120440

Leave a Reply

Your email address will not be published.