ရခိုင်တွင် ယနေ့တစ်ရက်တည်းကိုဗစ်ကြောင့် ၁၁ ဦးသေဆုံး၊ သေဆုံးမှုအများဆုံးနေ့တစ်နေ့အဖြစ် စံချိန်တင်

By Narinjara/ 2021 July 19

သျှင်မင်းဇံ

ရခိုင်ပြည်နယ်တွင် ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် ယနေ့ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်း ၁၁ ဦးသေဆုံးပြီး ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုအများဆုံး နေ့တစ်နေ့အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ညနေ ၈ နာရီအချိန်အထိ သေဆုံးသူများမှာ စစ်တွေတွင် (၃) ဦး၊ မာန်အောင် (၁) ဦး၊ ပေါက်တော (၁) ဦး၊ တောင်ကုတ် (၂) ဦး၊ ကျောက်တော် (၁) ဦး၊ သံတွဲ (၁) ဦး၊ ကျောက်ဖြူ (၂) ဦး စုစုပေါင်း (၁၁) ဦးတို့ဖြစ်သည်။

ရခိုင်ပြည်တစ်လုံးတွင် ကိုဗစ်ကြောင့် သေဆုံးမှု တိုးမြှင့်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကိုဗစ် သေဆုံးသူများလာတော့ သတိထားဖို့လိုပါတယ်။ အဓိကတော့ ကိုဗစ်မကူးစက်ရင်တော့ အကောင်းဆုံးပေါ့။ နောက်ပိုင်းမှာ ကိုဗစ်က မျိုးပြောင်းလာတယ်။ ပြင်းထန်လာရင် ကိုယ့်မှာ ရောဂါအခံရှိတာရယ်ဆိုရင် အမျိုးမျိုးရှိလာတာပေါ့” ဟု ပြောသည်။

ရခိုင်တွင် ကိုဗစ်ကြောင့် နေ့စဉ် တစ်ဦးစ နှစ်ဦးစ သေဆုံးမှုများရှိနေသော်လည်း ယနေ့ ဇူလိုင် ၁၉ နေ့လောက် သေဆုံးသွားသူ အရေအတွက်မများခဲ့ဟု သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီအထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံခဲ့ရသူ ဦးရေ ၁၅၅၁ ဦးအထိရှိပြီး လက်ရှိမြို့နယ်အလိုက် ဆေးရုံ၌ ဆေးကုသမှုခံယုနေသည့် ကိုဗစ်အတည်ပြုလူနာ ၈၂၉ ဦးရှိကာ သေဆုံးသူ စုစုပေါင်း ၄၇ ဦးရှိဖြစ်ကြောင်း ကျန်းမာရေးဌာနက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ၄၇ ဦးစာရင်းတွင် ယနေ့ ကိုဗစ်ကြောင့် သေဆုံးသွားခဲ့ကြသည့် ကျောက်ဖြူ (၂) ဦး၊ စစ်တွေ (၂) ဦး၊  သံတွဲ (၁) ဦး၊ မာန်အောင် (၁) ဦးတို့ မပါဝင်ကြောင်းလည်း သိရသည်။

သေဆုံးသူများမှာ စစ်တွေတွင် ၁၁ ဦး၊ မောင်တော ၆ ဦး၊ သံတွဲ ၆ ဦး၊ တောင်ကုတ် ၁၈ ဦး၊ ကျောက်ဖြူ ၅ ဦးနှင့်  ဂွ ၊ ပေါက်တော၊ အမ်း၊ မြောက်ဦး၊ ရသေ့တောင်နှင့် မာန်အောင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4508879832457392

Leave a Reply

Your email address will not be published.