ရခိုင်တွင် မြို့နယ်အလိုက်ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်စီဂျင် စက်ရုံများအတွက် အလှူငွေထည့်ဝင်သူများပြား

By Narinjara/ 2021 July 22

သျှင်မင်းဇံ

ရခိုင်ပြည်နယ်တွင် မြို့နယ်အလိုက် အောက်စီဂျင်စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်ရန် စီစဉ်နေရာ အလှူငွေ ထည့်ဝင်သူ များပြားနေပြီး သိန်းထောင်နှင့်ချီပြီး ရရှိထားသော မြို့နယ် အများအပြား ရှိနေပြီဟု သိရှိရသည်။

ရရှိထားသော မြို့နယ်အလိုက် အလှူငွေများမှာ ဘူးသီးတောင်တွင် သိန်း ၁၄၀၀ ကျော်၊ မင်းပြားတွင် သိန်း ၁၀၈၀၊ စစ်တွေတွင် သိန်း ၁၀၀၀ ကျော်၊ မောင်တောတွင် သိန်း ၁၈၀၀ ကျော်ခန့်၊ အမ်းတွင် သိန်း ၁၁၀၀ ကျော်၊ သံတွဲတွင် သိန်း ၁၀၀၀ ကျော်၊ မြေပုံတွင် သိန်း ၅၀၀ ကျော်၊ ရမ်းဗြဲတွင် သိန်း ၆၀၀ ကျော်၊ ကျောက်တော်တွင် ၆၀၀ ကျော်ခန့် ၊ ရသေ့တောင်တွင် သိန်း (၆၀၀) ၊ ပုဏ္ဏာကျွန်းတွင် သိန်း ၃၂၀ ကျော်ခန့် နှင့် မာန်အောင်တွင် သိန်း ၃၀၀ ရရှိနေပြီဟု သိရသည်။

ထိုသို့ လှူဒါန်းရာတွင် တစ်ဦးချင်း ကျပ်သိန်း ၁၀၀)နှင့် ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းသည့် စေတနာရှင်များလည်း အများအပြားရှိနေသည်ဟု သိရသည်။

ဘူးသီးတောင်တွင် တည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် အလှူငွေများထည့်ဝင်နေကြရာ ၂ ရက်တည်းအတွင်း စေတနာရှင်များက သိန်း ၁၄၀၀ ကျော်လှူဒါန်းခဲ့ကြသည်ဟု ဘူးသီးတောင် အောက်စီဂျင် ဖြစ်မြောက်ရေး ကော်မတီ ငွေလက်ခံရေးအဖွဲ့က ကိုအောင်ထူးက ပြောသည်။

“ကျန်တော်တို့ အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့ဆိုပြီး ဇူလိုင် ၂၀ ရက်နေ့က အစည်းအဝေး တစ်ခုလုပ်လိုက်တယ်။ အဲဒီအစည်းအဝေးမှပင် သိန်းတစ်ထောင်ကျော်လောက်ရပါတယ်။ ဒီနေ့နဲ့ဆိုရင်တော့ အားလုံး စုစုပေါင်း သိန်းတစ်ထောင်လေးရာကျော်လောက်ရနေပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းတွင် တစ်နေ့တစ်နေ့ ရောဂါကူးစက်မှုမြင့်တက်လာနေသည့်အပြင် အောက်စီဂျင်ပြတ်လတ်၍ သေဆုံးမှုများ ရှိလာနေသဖြင့် အောက်စီဂျင် စက်ရုံများကို ရခိုင်ပြည်နယ်မှ မြို့များအားလုံတွင် တည်ဆောက်ရန် လိုအပ်နေသည်ဟု ပေါက်တော မြို့နယ် ကိုဗစ် ၁၉ ကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုနှင့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ပေါက်တောမြိုနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ပြောသည်။

ပေါက်တောမြို့ အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေ သိန်း (၈၀၀) ကျော်ခန့် လက်ခံရရှိပြီး ဖြစ်ကြောင်းသိရသည်။

ဦးအောင်ကျော်ထွီးက “ကျွန်တော်တို့က တစ်နေ့ကို ၄၀ လီတာဗူး ၆ဝနဲ့ ၉၀ ကြားထုတ်နိုင်တဲ့ Oxygen Plant ကို မနေ့က စာချုပ် ချုပ်လိုက်ပါပြီ။ သြဂုတ်လအတွင်းမှာ အပြီးအစီးတည်နိုင်ဖို့လိုလည်း ကုမ္ပဏီက ဂတိကဝတ်ပေးပါတယ်။ ဒါပေမဲ့ တည်ဆောက်ဆဲကာလမှာတော့ ကိုဗစ်လူနာများလာရင် အောက်စီဂျင် အခက်အခဲတွေရှိလာနိုင်ပါတယ်။ ကိုဗစ်ကာလမှာ အခြားလိုအပ်ချက်တွေ အများကြီးရှိတဲ့အတွက် အလှူရှင်တွေအနေနဲ့ ကျွန်တော်တို့နဲ့ တိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်းကိုလည်း နိရဥ္စရာသတင်းဌာနကနေ တစ်ဆင့် ပြောကြားချင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့တွင် မြေက်ဦးဆရာတော်ဦးဆောင်၍ အလှူရှင်များ စုပေါင်းထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်နေသော အောက်စီဂျင် စက်ရုံမှ ဇူလိုင် ၂၂ ရက်နေ့ကစပြီး အောက်စီဂျင် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အဓိက အသုံးပြုနေ့ရသည့် မာန်အောင်မြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း အရေးပေါ်အောက်စီဂျင် မကြာခဏလိုအပ်နေသည့်အတွက် အောက်စီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက်ရန်လိုအပ်နေကြောင်း မာန်အောင်အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် မာန်အောင်မြို့တွင် အဓိကဆောင်ရွက်နေသူ မငယ်ငယ်က ပြောသည်။

“မာန်အောင်အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေတွေကလည်း အခြားမြို့တွေနှိုင်းယှဉ် အရမ်းအားနည်းနေပါတယ်။ နောက်ပြီးတော့ ကိုဗစ်လူနာတွေများလာခဲ့ရင် အောက်စီဂျင်ဗူးတွေကို သုံးပြီး ပြန်ဖြည့်ဖို့က အခက်အခဲရှိပါတယ်။ ရေလမ်းက သွားရတာဆိုတော့ ရာသီဥတု အခြေအနေ ကြည့်ရတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသလို ငွေကြေးအကုန်အကျများပါတယ်။ မာန်အောင်ဟာ သီးသန့်ကျွန်းဖြစ်တဲ့ အတွက် အောက်စီဂျင်စက်ရုံ မရှိမဖြစ်လိုအပ်နေပါတယ်”ဟု ပြောသည်။

သံတွဲမြို့တွင် တည်ဆောက်မည့် အောက်စီဂျင်စက်ရုံကို သိမ်ကုန်းဆရာတော် ဦးဆောင်ကြိုးပမ်း တည်ဆောက်နေပြီး တောင်ကုတ်အောက်စီဂျင် စက်ရုံတည်ဆောက်၍အတွက် ရွှေမေတ္တာ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးပိုင်ရှင် ဦးခင်မောင်ဝင်း မိသားစုက အပြီးအစီးလှူဒါန်းထားပြီ ဖြစ်ကြောင်း သိရှိရသည်။

ယခု ရခိုင်ကမြို့များတွင် တည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံများတွင် တစ်နေ့လျှင် ၄၀ လီတာဗူး အလုံး ၆၀ အထက်ထုတ်နိုင်သည့် စက်ရုံများ ပါဝင်သလို အမြင့်ဆုံး ၂၀၀ အထိ ထုတ်လုပ်နိုင်မည့် စက်ရုံများလည်း ပါဝင်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူတွင် အောက်စီဂျင်စက်ရှိနေပြီး ဂွမြို့နယ်တွင် တည်ဆောက်မည့် အစီအစဉ်မရှိသေးဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4519791864699522

Leave a Reply

Your email address will not be published.