By Western News/ 2021 July 8

ရခိုင်ပြည်နယ်တွင် မီးဖိုချောင်သုံး စားသောက်ကုန်စျေးနှုန်းအပါအဝင် ဆန်စျေးနှုန်းများသည် ပုံမှန်စျေးအတိုင်းမရောင်း ချနိုင်သေးဘဲ လက်ရှိအချိန်ထိ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လျှက်ရှိနေသည်။
စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလလယ်ထဲမှစ၍ ပြည်မဖက်မှ တင်သွင်းနေသည့် ကုန်စျေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြှင့်တက်ခဲ့သည်။ အဆိုပါ ကုန်စျေးနှုန်းမှာ လက်ရှိအချိန်ထိ ပုံမှန်စျေးကို မရောက်နိုင်သေးဘဲ ဆက်လက်မြင့်တက် နေဆဲဖြစ်သည်ဟု ကုန်စုံလုပ်ငန်းရှင်များနှင့် ဝယ်ယူစားသုံးသူများကပြောသည်။
ယခင်က စစ်တွေမြို့ကြက်သွန်ပွဲရုံမှ ကြက်သွန်စျေးနှုန်းမှာ ကြက်သွန်နီ (၁၀)ပိဿာဆန့် ၁ အိတ်ကို ၄၀၀၀ ကျပ် မှ ယခု ၅၀၀၀ ကျပ်/ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(၁၀)ပိဿာဆန့် ၁ အိတ်ကို ၂၀၀၀၀ မှ ၂၇၀၀၀ ထိစျေးနှုန်းမြင့်တက်နေသည့်အပြင် ဆီသန့် ၂ လီတာဆန့် ဗူးကြီး ၁ ဗူးကို ယခင် ၄၅၀၀ ကျပ်မှ ယခု ၅၄၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်နေသည်ဟု စစ်တွေမြို့ရူပမြောက်ရက်ကွက်မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်လှရီကပြောသည်။
“ကျွန်မတို့က စျေးကြီးက သွားဝယ်တဲ့အခါ စျေးတွေက တစ်နေ့တစ်မျိုးဖြစ်နေတယ်။ ပစ္စည်းတစ်ခုကို ဒီနေ့ ၅၀၀၀ နဲ့ ဝယ်ရန် နောက်နေ့ ၅၅၀၀ ဖြစ်သွားပြီ။ အဲ့ဒီလိုဖြစ်နေတော့ ကျွန်မတို့ဆီက ဝယ်ယူသူတွေကလည်း စျေးက တနေ့တစ်မျိုးပြောင်းနေတော့ ရောင်းသူနဲ့ ဝယ်သူက စကားပြောရတာ အဆင်မပြေတော့ဘူး။ ကျွန်မတို့က ပြည်မဖက်က တိုက်ရိုက်မဝယ်နိုင်ဘူး တစ်ဆင့်ခံဝယ်ရတော့ သူတို့ရောင်းတဲ့ စျေးနဲ့ ဝယ်ပြီး ကျွန်မတို့လည်း အမြတ်နည်းနည်းပဲရတာ။ပစ္စည်းတစ်ခုက ၅၀/ ၁၀၀ ကျပ် ဒီလောက်ပဲ မြတ်တာပါ”ဟုပြောသည်။
ကြက်သွန်ပွဲရုံနှင့် မီဖိုချောင်သုံးပစ္စည်းများကို ပြည်မဖက်မှ တင်သွင်း၍ ရခိုင်ပြည်နယ်အနှံ့ရောင်းချနေသာ စစ် တွေမြို့မှ ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမောင်သိန်းကလည်း ကုန်စျေးနှုန်းမှာ ဖေဖော်လထဲမှ စ၍ ပြည်မဖက်မှ ပွဲရုံ များမှာ နိုင်ငံရေးအခြေ အနေကြောင့် ပိတ်ထားမှုများနှင့် လမ်းခရီးကြန့်ကြာမှုကြောင့် စျေးနှုန်းမြင့်တက်ရခြင်းဖြစ် သည်ဟုပြောသည်။
“ပြည်မဖက်မှာ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်ကတည်းက စျေးနှုန်းတွေ ပုံမှန်နဲ့မရဘူးပေါ့။ အဲ့ဖက်မှာ ပွဲရုံတွေပိတ်တယ်။ ပစ္စည်းတွေ ရှာမရဘူး။ ရောင်းတဲ့သူတွေက နိုင်ငံရေးအကြောင်းပြပြီး စျေးတင်ကြတယ်။ ကျွန်တော်တို့က ပစ္စည်းရဖို့အတွက် ဖြစ်တဲ့စျေးနဲ့ ဝယ်ရတာပဲ။ အဲ့ဒါကြောင့် စျေးနှုန်းတွေက မြင့်လာတာပါ။ ကျွန်တောတို့မှာ သယ် ယူခ ကားစရိတ်တွေ အလုပ်သမားခတွေ ပေးရတာတွေ ရှိတယ်။ သူတို့ကလည်း အရင်ထက်စျေးပိုပေးရ တယ်။ စျေးနှုန်းတွေက ခုထိ ပုံမှန်မဖြစ်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်နယ်တွင် ဇူလှိုင်လမှ အောက်တိုဘာလ လယ်ထိ ကုန်ယာဉ် ၁၆ တန်အထက်ကို ပြည်နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းခွင့် မပြုကြောင်း လမ်းတံတားဦးစီးဌာနမှ ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ထားသည်။
၁၆ တန်ထက်ကုန်ယာဉ်များ ဖြတ်သန်းခွင့်မရခြင်းကြောင့် ရခိုင်တွင် ကုန်စည်စီးဆင်းမှုများ နှေးကွေးသွားပြီး မိုးတွင်းကာလ ကုန်ဈေးနှုန်းများမှာ လက်ရှိစျေးထက် ၁၀ရာခိုင်နှုန်းထိမြင့်တက်လာနိုင်ခြေရှိသည်ဟု ရခိုင်စီး ပွားရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခိုင်မောင်ကြီး ကပြော သည်။
ပြည်တွင်းထွက်မဟုတ်ဘဲ ရန်ကုန်၊မန္တလေး၊ပြည်စသည့် ပြည်မဖက်မှ တင်ပို့နေသော စားသောက်ကုန်၊ အထည် အလိပ်နှင့် စက်မှုသုံးကုန်တို့မှာ ဖေဖော်ဝါရီလမှစ၍ လက်ရှိထိ စျေးနှုန်းများမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ မြင့်တက် နေဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/325812839225227