ရခိုင်တွင် တိုက်ပွဲကာလအတွင်း ပျောက်ဆုံးသွားသည့် အရပ်သား ၂၆ ဦးနှင့် ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးသူ ၂၄ ဦးအထိရှိခဲ့

By Development Media Group (DMG)/ July 16

ရခိုင်ပြည်နယ်အတွင်း ၂ နီးခန့်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် အရပ်သား ၂၆ ဦးနှင့် ဖမ်းဆီးခံရစဉ် သေဆုံးသွားသူ ၂၄ ဦးအထိရှိခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ သိရသည်။

ပျောက်ဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ၁၈ ဦး၊ ကျောက်တော်မြို့မှ ၂ ဦး၊ မြေပုံမြို့နယ် ယောချောင်းကျေးရွာမှ ၂ ဦး၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ ၂ ဦးနှင့် မင်းပြားမြို့နယ် နရမ်းကျေးရွာမှ ၂ ဦးတို့ဖြစ်ကြောင်း ရခိုင်လူူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ စာရင်းအရသိရသည်။

ဖမ်းဆီးခံရစဉ် နှိပ်စက်မှုကြောင့်သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ ၇ ဦး၊ မြောက်ဦးမြို့နယ်မှ ၆ ဦးနှင့် မင်းပြားမြို့နယ်မှ ၁၁ ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။

“တိုက်ပွဲကာလအတွင်းမှာ သတင်းအစအနမရဘဲ ပျောက်သွားတဲ့ အရပ်သားတွေက အကုန်လုံး(၂၆)ယောက်ရှိတယ်။ သူတို့က အခုချိန်ထိသတင်းအစအနတစ်ခုမှမရဘူး။ နောက်ပြီးတော့ ဖမ်းဆီးခံရတဲ့အချိန်မှာ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွားတာ ၂၄ ယောက်ရှိပါတယ်” ဟု ရခိုင်လူူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမြတ်ထွန်းကပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သားစုစုပေါင်း ၁၅၄ ဦးရှိကြောင်းလည်း ဦးမြတ်ထွန်းက ဆိုသည်။

“အဲဒီအကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတာကတော့ စစ်တွေ ထောင်မှာ အယောက် ၆၀ ၊ မြောက်ဦးအကျဉ်းထောင်မှာ ၅၇ ၊ ကျောက်ဖြူထောင်မှာ ၂၇ နဲ့ ဘူးသီးတောင်ထောင်မှာ ၁၀ ယောက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရထားသည့် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ ဦးခင်မောင်သိန်း၏ ဇနီးဖြစ်သူ မဦးခိုင်ကျော့က “ကျွန်မယောက်ျားကို ဖမ်းထားတာ အခုဆိုရင် တစ်နှစ်ကျော်နေပြီ။ သူ့ကို AA နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ကျမယောက်ျားက AA နဲ့ဆက်စပ်မှုလည်းမရှိဘူး။ အခုမြောက်ဦးအချုပ်မှာ တရားရင်ဆိုင်နေရတယ်။ သူတို့ကိုလွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

လက်ရှိမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသည့်အမှုများကို ဆိုင်းငံ့ထားသည်ဟု သတင်းများထွက်ပေါ် နေပြီး ဖမ်းဆီးခံထားရသူများမှာ နှစ်လရှည်ကြာစွာထိန်းသိမ်းခံထားရဆဲဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2062579863894414

Leave a Reply

Your email address will not be published.