ရခိုင်တွင် ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမ ၁၈ ဦး ကိုဗစ်ပိုး ကူးစက်ခံရ

By Narinjara/ 2021 July 6

ဆောင်းဇာခြည်၊ ချစ်အိလှိုင်

ရခိုင်ပြည်နယ်တွင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ ၁၈ ဦး ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း သတင်းရရှိသည်။

ကူးစက်ခံရသူများမှာ ကျောင်းသား/ ကျောင်းသူ ၁၀ ဦးနှင့် ကျောင်းဆရာ/ ဆရာမ ၈ ဦး ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်း (စီမံ) က ပြောသည်။

“ဒီရောဂါပိုးတွေ့တဲ့ကျောင်းသား/သူတွေနဲ့ ဆရာမတွေဟာ ကျွန်တော်တို့ ဇွန်လ ၂၄ ရက်နေ့ကစပြီးတော့ ၅ ရက်နေ့အထိ ရရှိထားတဲ့ စာရင်း ဖြစ်ပါတယ်။ Positive လူနာတွေ့ရတဲ့ ကျောင်းတွေမှာ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ ဆွေးနွေးညှိနှိုင်းချက်အရ အဲဒီကျောင်းတွေကို ယာယီ စီးခြားထားတဲ့အနေနဲ့ နှစ်ပတ် ယာယီနားထားတာလေးတွေ ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ ရောဂါပိုးကူးစက်ခံထားသောကျောင်းများမှာ စစ်တွေ၊ ပေါက်တော၊ ဂွ၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့မှ ဖြစ်ကြောင်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတို့ ပါဝင်ကြောင်း သူက ဆက်ပြောသည်။

“ကလေးတွေရဲ့ ပညာသင်ကြားမှုဟာ မနှစ်ကဆိုလည်း ကိုဗစ်ကြောင့် ကျောင်းကို တစ်နှစ်နားလိုက်ရတယ်။ ဒီနှစ်မှာလည်း ပိုးတွေ့တာတွေ တွေ့ကြုံနေရသော်လည်း အတတ်နိုင်ဆုံး မိဘတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ကျောင်းကိုရောက်တဲ့အခါလည်း ကျန်းမာရေးနဲ့ အားစကားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျောင်းတွေမှာ စာသင်ကြားဖို့ကိုလည်း လမ်းညွှန်ထားမှုရှိပါတယ်” ဟု ပြောသည်။

၄င်း ၁၈ ဦးမှာ လက်ရှိအချိန်အထိ မြို့နယ်အလိုက်မှ ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျှက်ရှိကြပြီး ထို ကူးစက်ခံထားရသည့် ၁၈ ဦးထဲတွင် သံတွဲမြို့နယ်ရှိ စာသင်ကျောင်းအချို့ရှိ Grade-1 ၌ ပညာသင်ကြားနေသည့် ကလေးငယ်အချို့လည်းပါဝင် ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ လူနာ စုစုပေါင်း ၅၁၇ ဦးထိရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေး ဌာန၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4471057292906313

Leave a Reply

Your email address will not be published.