ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသော်လည်း ကိုဗစ်ကာကွယ်ရေးစည်းကမ်းများအား လိုက်နာမှုအားနည်းနေ

By Western News/ 2021 July 8

ရခိုင်ပြည်နယ်တွင် မေလ လယ်လောက်မှစ၍ ကိုဗစ်ဖြစ်ပွားမှုများမြင့်တက်လာခဲ့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်ကာကွယ်ရန် လိုက်နာရမည့်စည်းကမ်းများကို လိုက်နာဆောင်ရွက် မှုအားနည်းနေကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် Mask အသုံးပြုမှု၊ လက်သန့်ဆေးရည်အသုံးပြုမှုနှင့် လူစုလူဝေးရှောင်ရှားမှု စသည့်အခြေခံအချက်များကိုပင် လူထုအနေဖြင့် လိုက်နာဆောင်ရွက်မှု အလွန်အားနည်းနေကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ကိုမင်းထည်ဝါက Western News ကိုပြောသည်။

“တစ်ဦးချင်းစည်းကမ်းလိုက်နာမှုအပိုင်းကတော်တော်အားနည်းတယ်။ စစ်တွေမြို့မှာဆိုရင် မျက်မြင်ပဲလေနော်။ Mask တပ်တဲ့သူတွေထက် မတပ်တဲ့သူတွေကပိုများတယ်။ လက်သန့်ဆေးရည်တို့ဘာတို့လည်း မဆောင်ကြဘူး။ ပြီးတော့ လူစုလူဝေးလဲ မရှောင်ကြဘူး” ဟုပြောသည်။

ကိုဗစ်ကာလတွင် ကျန်းမာရေးဝန်ကြီးဌာမှထုတ်ပြန်သည့် စည်းကမ်းများကို တစ်ဦးချင်းစီလိုက်နာမှုရှိလျှင် ဆိုးရွားသော အခြေအနေကိုကျော်လွှားနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကိုဗစ်နှင့်ပတ်သက်၍ မပေါ့ဆရန်လိုကြောင်း သူကဆက်ပြောသည်။

“အဓိကက ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်းသာ အားလုံးလိုက်နာနေထိုင်ကြရင် အဆင်ပြေပါတယ်။ ကျတော်တို့ ရခိုင်ဘက်မှာတော့ ပြည်မဘက်တို့နဲ့ နှိုင်းယှဉ်ရင်အဖြစ်သိပ်မဆိုးသေးဘူးပေါ့။ ဒါပေမယ့် အဲလိုမျိုးဖြစ်မလာဖို့ကို လူတိုင်းထိန်းသိမ်းကာကွယ်ဖို့လိုတယ်တယ်။ အဲဒါမှ ဆိုးရွားတဲ့အခြေအနေကို ကျော်လွှားနိုင်မှာပေါ့” ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်အထိရှိလာပြီဖြစ်ပြီး၊ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူများလည်း ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း၌ ကိုဗစ်အတည်ပြုလူနာ ၁၈၀၀၀၀ ကျော်အထိရှိပြီး သေဆုံးသူ ၃၆၂၁ ဦးရှိပြီဖြစ်ကြောင်း ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့၌ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/326322005840977

Leave a Reply

Your email address will not be published.