ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း ၃ ကျောင်းထိရှိလာ

By Western News/ 2021 July 6

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူများနှင့် ဆက်စပ်မှုရှိသည့် စာသင်ကျောင်းများကို ယာယီအနေဖြင့်ပိတ်ထားရသည်မှာ ၃ ကျောင်းထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလှိုင်လ ၅ ရက်နေ့တွင် မြောက်ဦးမြို့ အ.လ.က(၃) မှ ကျောင်းသူတစ်ဦးကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ထားကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးမျိုးလှိုင်မှ အတည်ပြုပြောကြားသည်။

“အ.လ.က (၃) ကကျောင်းသူတစ်ဦးကို ကိုဗစ်စစ်တဲ့အခါ ပိုးတွေ့ပါတယ်။ မနေ့က ညနေဖက်စစ်တဲ့အခါတွေ့ တာပါ။ Grade-8 ကလို့ပြောတယ်” ဟုပြောသည်။

ပိုးတွေ့ရှိသည့် ကျောင်းသူတက်ရောက်သည့် စာသင်ကျောင်းအားလည်း ယာယီပိတ်ထားကြောင်း ကျောင်းသူနှင့် အတူနေထိုင်သည့် မိခင်ဖြစ်သူနှင့်တစ်ခြား အမျိုးသမီးငယ်တစ်ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိထားကြောင်း မြောက်ဦးမြို့ ကိုဗစ်ထိန်းချုပ်ရေး တာဝန်ခံတစ်ဦးဖြစ်သူ ကိုမောင်မောင်သန်းက ပြောသည်။

“သူတို့က နေမကောင်းလို့ အနံ့မရလို့ဆိုပြီး အကြောင်းကြားလာလို့သွားစစ်တာပါ။ စစ်တဲ့အခါမှာ အဲဒီ အ.လ.က(၃) ကကျောင်းသူရယ် သူ့အမေရယ် သူတို့အိမ်မှာနေတဲ့ မိန်းကလေးတစ်ယောက်ရယ် ပိုးတွေ့တယ်။ သူတက်ရောက်တဲ့ စာသင်ကျောင်းကိုတော့ မြို့နယ်ဆရာဝန်ကြီးညွှန်ကြားချက်နဲ့ နှစ်ပါတ်နားခိုင်းထားပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်တွင် သံတွဲမြို့နယ် လင်းသာ (အ.ထ.က) ကျောင်းတွင်လည်း ကျောင်းဆရာမတစ်ဦးတွင် ကိုဗစ်တွေ့ရှိ၍ စာသင်ကျောင်းကို နှစ်ပတ်ခန့် ယာယီပိတ်ထားရပြီး ကျောက်ဖြူမြို့ ဝက်တောပြင် အ.မ.က တွင်လည်း ပိုးတွေ့ ရှိ၍ ၎င်းကျောင်းအား ယာယီပိတ်ထားရသည်။

ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများနှင့် ဆက်စပ်၍ ကိုဗစ်ပိုးတွေ့ရှိမှုများရှိလျှင် ၎င်းစာသင်ကျောင်းအား နှစ်ပါတ်ခန့်ယာယီ ပိတ်ထားကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနမှ ဇူလှိုင်လ ၅ ရက်နေ့က ဥပဒေချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

ရခိုင်တွင် ယနေ့ ဇူလှိုင်လ ၆ ရက်နေ့အထိ ကိုဗစ်တွေ့ရှိ၍ ယာယီပိတ်ထားရသည့်ကျောင်းမှာ ၃ ကျောင်းထိရှိလာပြီဖြစ်ပြီး စာသင်ကျောင်များကို ကိုဗစ်စည်းကမ်းများနှင့်အညီ သင်ကြားပို့ချလျှက်ရှိသည်ဟု ပြည်နယ်ပညာရေးဦးစီးဌာနမှ ပြောဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/324412792698565

Leave a Reply

Your email address will not be published.