By Myanmar Now / 2021 July 30

ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကြောင့် ၄ ရက်အတွင်း ကိုယ်ဝန်ဆောင် ၃ ဦးသေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။
ဇူလိုင် ၂၅ မှ ၂၈ အတွင်း မောင်တော၊ စစ်တွေနှင့် မင်းပြားမြို့နယ်တို့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန် ၅ လရှိသူ နေထိုင်မကောင်း၍ မင်းပြားဆေးရုံသို့ လာရောက်ပြသရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၅ ၌ သေဆုံးခဲ့သည်ဟု မင်းပြားပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ် ဒေါက်တာနေဝင်းထွန်းထံမှ သိရသည်။
“အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီး ဆုံးသွားတာ ဟုတ်ပါတယ်။ ကိုဗစ်ပိုးကြောင့်ပေါ့။ နေမကောင်းဖြစ်ပြီးတော့ ဆေးရုံကို ရောက်တဲ့အခါ စစ်ဆေးကြည့်လိုက်တော့ ပိုးတွေ့တာပေါ့” ဟု ဒေါက်တာနေဝင်းထွန်းက ပြောသည်။
အလားတူ ဇူလိုင် ၂၈ တွင် ပေါက်တောမြို့၊ မြောက်ပြင်ကျေးရွာမှ ကိုယ်ဝန် ၈ လရှိသူတစ်ဦး ကိုဗစ်နိုင်တင်းရောဂါဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားသည်။ အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသမီး၏ ရုပ်အလောင်းကို စစ်တွေမြို့သုဿန်တွင် ယင်းနေ့မှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ဇူလိုင် ၂၈ တွင် မောင်တောမြို့နယ်၊ သီဟိုဠ်အေးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင် မြိုတိုင်းရင်းသူသည် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကလေးမွေးဖွားပြီး သေဆုံးသွားခဲ့သည်။
ဇူလိုင် ၂၇ တွင် ဆေးရုံသို့ ရောက်ရှိလာသော ထိုမိန်းကလေးသည် နောက်တစ်နေ့ ညသန်းခေါင် ၁၂ နာရီ ခန့်တွင် ကလေးမွေးဖွားပြီး သေဆုံးသွားကြောင်း မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီဇံက ပြောသည်။
“သူ့မှာက ကိုယ်ဝန်အဆိပ်တက်တဲ့ ရောဂါလက္ခဏာရှိတယ်။ ကိုဗစ်ကလည်း Positive တွေ့ပါတယ်။ ဆေးရုံကို ရောက်ပါတယ်။ ဆေးရုံကိုရောက်ပြီး သူ့ကို Operation (ခွဲစိတ်မှု) လုပ်လိုက်ပါသေးတယ်။ အဲဒါပြီးမှ ဆုံးသွားတာပါ ” ဟု ဒေါက်တာနုကေသီဇံက ဆိုသည်။
ရုပ်အလောင်းကို စစ်ဆေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မွေးကင်းစသားလေးမှာ ကိုဗစ်ကူးစက်မှုမရှိဘဲ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှုပြုစုနေကြောင်း သီဟိုဠ်အေးကျေးရွာတာဝန်ခံ ဦးနေအောင်က ပြောသည်။
“ကလေးက အခုဆေးရုံမှာ၊ သူ့အဖေကလည်း ဆေးရုံမှာ ကွာရန်တင်းဝင်နေရတယ်။ ၇ ရက်ပြည့်မှ ထွက်ရမှာ။ ဆေးရုံက ဆင်းရင် ကလေးကို နို့တိုက်ရမှာ အခက်အခဲဖြစ်နိုင်တယ်၊ အလုပ်မရှိ၊ အကိုင်မရှိ။ အခု ဆေးရုံမှာက ဆရာဝန်/သူနာပြုတွေက စောင့်ရှောက်ပေးနတယ်” ဟု ၎င်းက ပြောပြသည်။
ရခိုင်ဒေသတွင် မေ ၂၇ မှ ဇူလိုင် ၂၈ အထိ ကိုဗစ်နိုင်တင်းရောဂါပိုးကြောင့် သေဆုံးသူ ၁၃၇ ဦးနှင့် ပိုးတွေ့အတည်ပြုလူနာသစ် ၂၄၉၉ ဦး ရှိကြောင်း စစ်ကောင်စီ၏ ပြည်နယ်ကျန်းမာရေးဌာနထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်တွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုအများဆုံးမြိုနယ်များမှာ မောင်တော၊ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့ဖြစ်ပြီး ထိုအထဲမှ တောင်ကုတ်မြို့နယ်သည် သေဆုံးသူ ၃၈ ဦးအထိ ရှိနေပြီး သေဆုံးမှုအများဆုံးရှိနေသော မြို့နယ်တစ်ခုဖြစ်သည်။
ကိုဗစ်ကြောင့် သေဆုံးမှုမှာ ဇူလိုင် ၂၈ အထိ စစ်တွေတွင် ၃၅ ဦး၊ မောင်တောတွင် ၈ ဦး၊ ဘူးသီးတောင်တွင် ၁ ဦး၊ ရသေ့တောင်တွင် ၃ ဦး၊ ကျောက်တော်တွင် ၂ ဦး၊ မင်းပြားတွင် ၂ ဦး၊ ပုဏ္ဏားကျွန်းတွင် ၁ ဦး၊ မြောက်ဦးတွင် ၄ ဦး၊ ပေါက်တောတွင် ၄ ဦး၊ ကျောက်ဖြူတွင် ၁၄ ဦး၊ အမ်းတွင် ၁ ဦး၊ တောင်ကုတ်တွင် ၃၈ ဦး၊ သံတွဲတွင် ၁၆ ဦး၊ ဂွတွင် ၂ ဦး၊ မာန်အောင်တွင် ၆ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃၇ ဦးရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာတွင် နေထိုင်သူများ၊ သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် စျေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/myanmarnownews/posts/2175059085975151