ရခိုင်တွင် ကိုဗစ်တွေ့ရှိသည့် ကျောင်းများကိုသာ ယာယီပိတ်ထားခြင်းဖြစ်၊ ကျောင်းအားလုံးပိတ်ရန်အစီစဉ်မရှိဟု ပညာရေးဌာနပြော

By Western News/ 2021 July 5

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများကြောင့် ကျောင်းတစ်ချို့ကို ယာယီသဘောအရသာ ပိတ်ထားခြင်း ဖြစ်ပြီး ကျောင်းအားလုံးပိတ်ရန် အစီစဉ်မရှိကြောင်း ပြည်နယ်ပညာရေးဦးစီးဌာနမှ ဥပဒေချုပ်ရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ကျောင်းများကို အတတ်နိုင်ဆုံးမပိတ်ဖြစ်အောင် ဆောင်ရွက်နေကြောင်းနှင့် ကိုဗစ်ရောဂါပိုးတွေ့ရှိထားသည့် ကျောင်းများကိုမူ စည်းခြားထားသည့်သဘောဖြင့် နှစ်ပတ် ယာယီပိတ်ထားကြောင်း ရခိုင်ပြည်နယ်ပညာရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။

“ကျောင်းတွေအားလုံးပိတ်ပစ်ဖို့အစီစဉ်မရှိပါဘူး။ ကလေးတွေက ပညာရေးဘက်မှာအတော်နစ်နာထားကြတာ။ အဲဒါကြောင့် ပညာရေးအတွက် အတတ်နိုင်ဆုံး ကျောင်းတွေမပိတ်ဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ကိုဗစ်ပိုးတွေ့ထားတဲ့ ကျောင်းတွေကိုတော့ စည်းခြားထားတဲ့သဘောမျိုးနဲ့ ကျနော်တို့ ယာယီအားဖြင့် တစ်ပတ် နှစ်ပတ်လောက် ပိတ်ထားပါတယ်”ဟုပြောသည်။

ရခိုင်တွင် ကျောင်ဖြူမြို့နယ်ရှိ ဝက်တောပြင်(အ.မ.က)နှင့် သံတွဲမြို့နယ်ရှိ လင်းသာ (အ.ထ.က) ကျောင်းတို့တွင် ကိုဗစ်ပိုးတွေ့ရှိထားပြီး ၎င်းကျောင်းများကို ယာယီပိတ်ထားခြင်းဖြစ်သည်။

မပိတ်ဘဲကျန်ရှိသည့် စာသင်ကျောင်းများအားလုံးတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထား ကြောင်း ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်း မှ ဆက်ပြောသည်။

“စာသင်ကျောင်း တစ်ချို့ကတော့ ကိုဗစ်ကြောင့်ယာယီပိတ်ထားတယ်။ ကျန်တဲ့စာသင်ကျောင်းတွေအားလုံး ကိုတော့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ စီစဉ်ဆောင်ရွက်ထားပါတယ်။ စာသင်ကြားမှုတွေကလည်း ပုံမှန်ပဲသင်ကြား ပို့ချနေကြပါတယ်။”ဟုဆိုသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း၌ ကိုဗစ်အတည်ပြုလူနာ ၄၁၁ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိရှိပြီဖြစ်ကာ ရောဂါပိုးတွေ့ရှိ သူများထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူများလည်းပါဝင်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ အတည်ပြု ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/323787779427733

Leave a Reply

Your email address will not be published.