By Western News/ 2021 July 27

ရခိုင်ပြည်နယ်တွင် ယခုကိုဗစ်တတိယလှိုင်းဖြစ်ပွားမှု၌ ယမန်နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားစဉ်ကလောက် ကျန်းမာရေးဝန်ထမ်း အင်အားတောင့်တင်းမှုမရှိကြောင်း ပြည်နယ်ကောင်စီနှင့် ကျန်းမာဌာနများ၏ ပြောဆိုချက်အရသိရသည်။
ဒုတိယလှိုင်းကာလတွင် ကျန်းမာရေးအတွက်ကူညီပံ့ပိုးသူအများပြားရှိခဲ့ကြောင်း ယခုတတိယလှိုင်းတွင်မူ ကျန်းမာရေးဝန်ထမ်း အင်အားမှာနည်းပါးကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ကျန်းမာရေးဝန်းထမ်းများနှင့်ပတ်သက်၍ Western News မှမေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ရခိုင်လူနာတွေကို ရခိုင်ပညာတတ်ဆရာဝန်သူနာပြုတွေကပဲကုပေးတာပါပဲ။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦးအဆင်ပြေကြစေချင်ပါတယ်။ ကုန်ခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းတုန်းကဆိုရင် ဆရာဝန်လိုအပ်ချက်ထက်ပိုတယ်။ တစ်လတာ နှစ်လတာ လာပြီးပံ့ပိုးကြတာတွေ အများကြီးပဲ။ အခုဒီနှစ်မှာက မရှိဘူး။ ရှိတဲ့လူအင်အားလေးနဲ့ပဲလုပ်နေကြရတာ” ဟုပြောသည်။
စစ်တွေမြို့နယ်ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာကြည်လွင်ကလည်း ကိုဗစ်လူနာများမှာ များပြားလာပြီး သူနာပြုအင်အားနည်းနေကြာင်း လူမှုရေးအဖွဲ့အစည်းများမှာလည်း ကိုဗစ်ဒုတိယလှိုင်းကကဲ့သို့ ကူညီပေးမှုမများကြောင်း စစ်တွေဆေးရုံအခြေနေနှင့်ပတ်သက်၍ Western News မှမေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခုက ကိုဗစ်လူနာတွေကများလာတယ် ဆေးရုံမှာရှိတဲ့ ကိုဗစ်ဆောင် ၄ ဆောင်လုံးမှာလူနာတွေပြည့်သွားပြီ။ အသစ်တစ်ဆောင် ထပ်ဖွင့်ရတော့မယ်။ လက်ရှိသူနာပြုအင်အားကလည်းအရမ်းနည်းတယ်။ NGO၊ INGO၊ လူမှုရေးအဖွဲ့အစည်းတွေက Nurse (သူနာပြု)တွေအကူညီတောင်းထားတာတွေတော့ရှိတယ်။ လူမှုရေးအဖွဲ့စည်းတွေကလည်း second wave (ကိုဗစ်ဒုတိယလှိုင်း) လောက်ကလိုကူညီတာတွေသိပ်မများဘူး။ စစ်တွေမှာဆိုရင် ရွှေရောင်မေတ္တာတစ်ခုတော့ရှိတယ်။ သူတို့ကတော့တော်တော်ကူညီတယ်” ဟုဆိုသည်။
ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာသည်နှင့်အမျှ ရခိုင်ရှိမြို့နယ်အသီးသီးတွင် ကျန်မားရေးဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် လူမှူရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများခေါ်ယူသင်တန်းပေးကာ ကိုဗစ်ပြဿနာများအားဖြေရှင်းရန်ကြိုးစားလျက်ရှိကြသည်။
https://www.facebook.com/westernnewsagency/posts/338118041328040