By Narinjara/ 2021 July 20
အောင်လင်းထွန်း၊ သဉ္စာနွယ်

ရခိုင်ပြည်နယ်အတွင်းက စစ်တွေကိုဗဟိုပြုပြီး ပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းများဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်ရေယာဉ်လိုင်းများအား ကိုဗစ်ကြောင့် ယနေ့မှ စ၍ နှစ်ပတ်ရပ်လိုက်ကြောင်း သတင်းရရှိသည်။
ရခိုင်မှ မြို့နယ် ၁၂ ခုကို ပြေးဆွဲနေသည့် အဓိကအမြန်ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန် ရေယာဥ်လိုင်းကို ယနေ့ ညနေမှစပြီး ၁၄ ရက်ကြာ ရပ်နားထားလိုက်ကြောင်း ရွှေပြည်တန် အမြန်ယာဉ်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ ကိုဗစ်ကိုကာကွယ်တဲ့ရာမှာ မြို့ကနေ တောဒေသ၊ နယ်တွေ၊ ရွာတွေအထိ ကိုဗစ်ပိုးတွေ့လာတယ်။ အဲတာကြောင့် ကာကွယ်တားဆီးမှု ပြုလုပ်လိုတဲ့ အတွက် ဒီနေ့ ညနေ ကစပြီး နှစ်ပတ်ရပ်နားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ခရီးစဉ်အများဆုံးပြေးဆွဲနေတာက ရွှေပြည်တန်ဆိုတော့ ခုလိုပိတ်လိုက်ရင် ကာကွယ်ရေးအပိုင်းမှာ အများကြီးထိရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ၊ ဖြစ်ပွားသူတိုးလာသည့် အတွက် တချို့မြို့များနှင့် ကျေးရွာဆိပ်ကမ်းများတွင် ရေယာဉ်ကမ်းကပ်ခွင့် ဝင်ထွက်ခွင့်များကို ပိတ်ထားသည့်အတွက် ယခုလို ပိတ်ခြင်းကြောင့် ပြည်သူလူထုများနှင့် ပူးပေါင်း ဆောင်ရွက်ရာရောက်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။
ရွှေပြည်တန် ခရီးစဉ်ကို ၁၄ ရက်အထိ ရက်အကန့်အသတ်ထားသော်လည်း နောက်ထပ်ပိတ်မည်၊ မပိတ်ဆိုတာကို သက်ဆိုင်သူများနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆုံးဖြတ်သွားမည်ဟုသိသည်။
ရွှေပြည်တန်အမြန်ယာဉ်ဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့က ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များသို့ ပြေးဆွဲနေသည့် ရေကြောင်းလိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4511514442193931