ရခိုင်တွင်တတိယကိုဗစ်လှိုင်းအတွင်းသေဆုံးမှုက ဒုတိယလှိုင်းထက် ၄ ဆခန့် မြင့်မားလာ

By Narinjara/ 2021 July 30

ချစ်အိလှိုင်

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုမှာ ကိုဗစ်ဒုတိယလှိုင်း သေဆုံးမှုထက် ၄ ဆခန့် မြင့်မားလာနေကြောင်း၊ သို့သော် တချို့ ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့် အညီလိုက်နာ နေထိုင်ရန် အားနည်းနေသေးကြောင်း ဒေသခံလူမှုရေးလှုပ်ရှားနေသူများက ပြောသည်။

ကိုဗစ်တတိလှိုင်း စတင်ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၈ ရက်နေ့အထိ (၂) လအတွင်း သေဆုံးသူ ၁၄၆ ဦးအထိ ရှိလာနေပြီ ဖြစ်ကြောင်း၊ ဒုတိယလှိုင်း ဖြစ်ပွားသည့် ၂ဝ၂ဝ ခုနစ် အတွင်းသြဂုတ်လ ၁၆ ရက်နေ့မှ ဒီဇင်ဘာလထိ ၅ လ အတွင်းရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၃၇ ဦးအထိရှိခဲ့သဖြင့် လက်ရှိ သေဆုံးမှုနှုန်းမှာ ၄ ဆအထိ မြင့်မား လာနေကြောင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။

သို့ရာတွင် ရခိုင်တွင် ကိုဗစ်စည်းကမ်းနှင့် နေထိုင်မှုအားနည်းနေသေးသည်ကို တွေ့နေရသဖြင့် ယခုထက်ပို၍ ဆိုးဝါးလာနိုင်ကြောင်း Rakhine Covid-19 Watch မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုဇော်လှိုင်ထွန်းက ပြောသည်။

“ရခိုင်တပြည်နယ်မှာ လက်ရှိ ရက်ပိုင်းတွေအတွင်း တစ်နေ့ အနည်းဆုံး သေတာ လူရှစ်ယောက်လောက်ရှိတယ်ပေါ့။ ပြောရမယ်ဆိုရင် ဒုတိယလှိုင်း ထက်စာရင် သေဆုံးမှုများတယ်။ စစ်တွေမြို့ အတိုင်းအတာကိုသာ ကြည့်တော့ စျေးမှာလိုတစ်ဖုံ၊ mask မတပ်တာတပုံကြီးရှိတယ်။ လူထုက ဒီလိုသာ မလိုက်နာရင် ဒီရောဂါက သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါဖြစ်တယ်။ တခြားမြို့တွေမှာလည်းအနည်းနဲ့အများ လိုက်နာမှုအားနည်းတယ်။ စည်းကမ်းအဖောက်ဆုံးမြို့ဆိုရင် စစ်တွေမြို့ပါပဲ” ဟုပြောသည်။

၄င်းအပြင် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာရန် ထုတ်ပြန်ချက်များ ထုတ်ပြန်နေသော်လည်း လူထုလိုက်နာမှု မရှိမပါက ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

မြောက်ဦးလူငယ်အစည်းအရုံး ဥက္ကဋ္ဌကိုအောင်မင်းကျော်က “ မြောက်ဦးမှာက ULA/ AA က ထုတ်လိုက်တဲ့ထုတ်ပြန်ချက်အပေါ်မှာ သက်ရောက်တယ် လို့တော့ ပြောလို့ရတယ်။ အရင်ကဆိုရင် လူတွေက အိမ်မှာမနေဘူး။ နိုင်ငံရေးလှည့်ကွက်ဖြစ်တယ်လို့ဘာတို့ ညာတို့ပေါ့။ အခုကတော့ အရင်ကထက် စည်းကမ်းနဲ့နေတာတော့တွေ့တယ်။တစ်ခုရှိတာက ရပ်ကွက်တွေမှာ အရက်ဆိုင်တွေကျတော့ လူအများကြီး လာသောက်တာ တွေ့ရတယ်။ ဒီဟာက ကျွန်တော်တို့ မြို့အတွက်လည်း ပြဿနာ တစ်ခုဖြစ်တယ်။ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာတွေ မတွေ့ရသေးပါဘူး” ဟုပြောသည်။

၄င်းတို့မြောက်ဦးမြို့နယ်ရှိ ကိုဗစ်လူနာများအနေဖြင့် လောလောဆယ် အောက်ဆီဂျင်လုံလောက်မှု ရှိနေသော်လည်း ယခုထက် လူဦးရေ များပြားလာပါက အခက်အခဲရှိလာမည်ကို စိုးရိမ်မိကြောင်း သူက ဆက်ပြောသည်။

ရခိုင်တပြည်နယ်လုံးကိုဗစ်တတိယလိုင်းအတွင်း ဇူလိုင် ၂၈ ရက်နေ့အထိ စစ်တွေတွင်လူနာ ၅ဝ၁ ဦးနှင့် သေဆုံးသူ (၃၄) ဦး၊ မောင်တောတွင်လူနာ ၄၂၄ ဦးနှင့် သေဆုံးသူ (၉) ဦး၊ သံတွဲတွင်လူနာ ၂၂ရဦးနှင့် သေဆုံးသူ (၁၇) ဦး၊ တောင်ကုတ်တွင် လူနာ ၁၄၄ ဦးနှင့်သေဆုံးသူ (၄ဝ) ဦး၊ ဘူးသီးတောင်တွင် ၁ဝရ ဦးနှင့်သေဆုံးသူ(၁) ဦး၊ ကျောက်တော်တွင် လူနာ ၉၉ ဦးနှင့် သေဆုံးသူ(၇) ဦး၊ မင်းပြားတွင် လူနာ ၂၈ ဦးနှင့် သေဆုံးသူ (၅) ဦး၊ ဂွတွင်လူနာ ၃၄၃ ဦးနှင့် သေဆုံးသူ ၂ ဦး၊ ကျောက်ဖြူတွင် ၂၆၉ ဦးနှင့် သေဆုံးသူ (၁၂)ဦး၊ ပုဏ္ဏားကျွန်းတွင် ၃၅ ဦးနှင့် သေဆုံးသူ (၁)ဦး၊ ပေါက်တောတွင် ၂၁ ဦးနှင့် သေဆုံးသူ (၄) ဦး၊ အမ်းတွင် ၇၃ ဦးနှင့် သေဆုံးသူ (၂) ဦး၊ မြောက်ဦးတွင် (၉၂) ဦးနှင့်သေဆုံးသူ ၃ ဦး၊ ရသေ့တောင်တွင် ၂၈ ဦးနှင့် သေဆုံးသူ(၃) ဦး အပြင် မာန်အောင်မြို့နယ်တွင် လူနာ ၃၄ ဦးနှင့် သေဆုံးသူ (၆) ဦးအထိ ရှိသွားပြီဖြစ်သည်။

၄င်းအပြင်သေဆုံးမှုမရှိသေးသည့် မြို့နယ် နှစ်ခုဖြစ်သည့် မြေပုံတွင် ကိုဗစ်လူနာ ၂၁ ဦးနှင့် ရမ်းဗြဲတွင် ၆၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/narinjara.info/posts/4541388852539823

Leave a Reply

Your email address will not be published.