ရခိုင်တစ်ပြည်လုံးအား Stay at Home ရက်သတ္တပတ် ၂ ပတ် သတ်မှတ်ကြောင်း ULA ထုတ်ပြန်မှု အပေါ် ရခိုင်မှလွှတ်တော် ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို တင်ပြပေးလိုက်ပါသည်။

By Western News/ 2021 July 20

ဦးဖေသန်း (မူဝါဒရေးရာဦးဆောင်ကော်မတီဝင်) ရခိုင်အမျိုးသားပါတီ ANP

ထုတ်ပြန်ချက်ကတော့ ဒီနေ့ ဒီကိုရိုနာဗိုင်းရက်စ်ပိုး ရခိုင်ပြည်မှာကူးစက်နေတာကို Stay at Home နှစ်ပတ်နေခြင်းအားဖြင့် ရောဂါကူးစက်မှုရပ်တန့်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာဖြစ်တဲ့အတွက်ကြောင့် ကောင်းတဲ့ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမယ့် ပြည်သူတွေကလိုက်နာဆောင်ရွက်မယ့်အပိုင်းမှာတော့ အားနည်းချက်ရှိပါတယ်။ သူတို့ဖက်က တချို့နေရာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို Stay at Home နယ်မြေတွေ၊ ရပ်ရွာတွေကို ကူညီဖို့အတွက်လည်း ဖော်ပြထားတာတွေ့ရတယ်။ ကျနော်ကတော့ အတတ်နိုင်ဆုံးကြိုးစားကြည့်တဲ့သဘောလောက်ပဲမြင်တယ်။ သို့သော် ပြည်သူတွေက ဒီဟာကို ကျန်းမာရေးအသိဖြင့်တစ်မျိုး၊ ULA ကထုတ်ပြန်တဲ့ကြေညာချက်ဖြစ်လို့တဖုံ လေးလေးစားစားလိုက်နာမယ်ဆိုရင်တော့ ရာခိုင်နှုန်းတော်တော်များများအဆင်ပြေမယ်လို့ ထင်တယ်။

ဦးညီလေး (ဥက္ကဌ) သံတွဲခရိုင်တောင်သူလယ်သမားသမဂ္ဂ

ကျနော်ကတော့ အခုလိုကျန်းမားရေးတွေဆိုးရွားနေတဲ့အချိန်မှာ ဒီလိုထုတ်ပြန်လိုက်တာဟာ အင်မတန်မှ ကောင်းတဲ့ကိစ္စလို့မြင်တယ်။ ဆိုတော့ ဒေသအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးအခက်အခဲကိုတော့ ဘယ်လိုဝိုင်းဝန်းပြီးတော့ဖြေရှင်းကြမလဲဆိုတဲ့ပြဿနာတစ်ခုကတော့ရှိလာလိမ့်မယ်။ ဒီပြဿနာတွေကို ဒေသမှာ ရှိတဲ့ စီးပွားရေးသမားတွေရယ်၊ ငွေကြေးတတ်နိုင်တဲ့သူတွေရယ် စုပေါင်းပြီးတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲပေါ့။ အဲတာတစ်ခုကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲတစ်ခုဖြစ်လာလိမ့်မယ် လို့တော့မြင်တယ်။ ကျန်းမာရေးနဲ့ပတ်သတ်ပြီး တစ်နိုင်ငံလုံးဖြစ်နေတဲ့ အတိုင်းအတာမှာတော့ ULA ရဲ့ထုတ်ပြန်ချက်ဟာ အင်မတန်မှ ကောင်းမွန်တဲ့ထုတ်ပြန်ချက်တစ်ခုလို့တော့ ကျနော်ကပြောချင်တယ်။ ဒါပေမယ့် လူ ၁၀၀ လောက်မှာ ၆၀ လောက်က တစ်နေ့လုပ်ပြီးမှ တစ်နေ့စားရတာဆိုတော့ ULA ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း လူမှုအဖွဲ့အစည်းတွေဘယ်လောက် ကူညီနိုင်မလဲ။ တကယ့်ပိုက်ဆံချမ်းသာတဲ့ သူတွေကကော ဘယ်လောက်ထိကူညီနိုင်မလဲ။ ဒီဝိုင်းဝန်းမှုကိုရော အစိုးရက ဘယ်လောက်ထိပံ့ပေးနိုင်မလဲဆိုတဲ့ အနေအထားတစ်ခုရှိလာလိမ့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်သွားမယ်လို့မြင်မိတယ်။
.

ဦးထွန်းသာစိန်(မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

“ကိုဗစ် ၁၉ ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ဆိုက်ရောက်နေတဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် Stay Homeနေနိုင်ရင် ပိုပြီးကောင်းတယ်။ လက်ရှိမာဆိုရင်လည်း ကိုဗစ် ၁၉ နဲ့ပတ်သတ်ပြီးကာကွယ်ဆေးလောက်ပဲရှိသေးယ်။ ကုသ ဆေးကမရှိသေးဘူး။ပြီးတော့ ကာကွယ်ဆေးတွေကလည်း လူတိုင်းစေ့မထိုးနိုင်သေးဘူး။ ဒီရောဂါ ပျောက်ကင်းသွားဖို့အတွက် Stay Home နေတာက အကောင်းဆုံးပါ။သို့သော် Stay Home နေတာနဲ့အတူ အ ခြေခံလက်လုပ်လက်စားတွေနဲ့တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေက အခက်တွေ့နိုင်တယ်။ ဒါပေမယ့် ရပ်ရွာ တွေမှာဆိုရင် ရွာကို ဟင်းလာရောင်းတဲ့သူတွေကို ရွာထဲမဝင်စေဘဲ တာဝန်ရှိတဲ့သူတွေ ရွာထဲမှာရောင်းပေးပြီး ရတဲ့ငွေကို သူ့ကိုပေး၊ ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာကော လက်လုပ်လက်စားတွေကို တတ်နိုင်တဲ့သူတွေက ဝိုင်းဝန်ပြီး ကူညီတာမျိုးတော့ရှိရင်အရမ်းကောင်းတာပေါ့။ ကျွန်တော်တို့ဟာ အမျိုးသားရေးစိတ်ဓါတ်တွေနဲ့ ကိုဗစ်ရောဂါကိုကာကွယ်ဖို့ ဒီကိုဗစ်ရောဂါကြောင့် ကိုယ့်အမျိုးသားတွေကို မသေစေလိုတဲ့ အမျိုးသားရေးစိတ် ဓါတ်သာလူတိုင်းမှာရှိရင် ဒီကပ်ရောဂါကို ကျော်လွှားနိုင်ကြမှာပါ”ဟုပြောသည်။
.

ကိုဇော်ဇော်ထွန်း (အတွင်းရေးမှူး) ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)

အမှန်အတိုင်းဆိုရင် ဒီထုတ်ပြန်ချက်က နောက်တောင်ကျနေပြီ။ ရောဂါကမြို့ရော ရွာပါမကျန်ပြန့်နှံနေပြီ။ အားလုံးကိုငဲ့ကွပ်ပြီး အခုမှထုတ်ပြန်တာလည်းဖြစ်နိုင်တယ်။ တခြားမှာလည်း ဘာဖြစ်လည်းဆိုတော့ လက်ရှိကာလက စားဝတ်နေရေး ကြပ်တည်းနေကြတဲ့ အချိန်ဖြစ်ကြတဲ့အတွက် ကိုယ်ရပ်ကိုယ်ရွာတွေအတွက်အချင်းချင်းကူညီနေကြတာတွေ လုပ်ကြပြီး ဒီလိုသာနှစ်ပတ်လောက် လုပ်လိုက်ရင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မယ် အခြေနေတွေရှိပါတယ်။
တစ်ဖက်မှာလည်း စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ကူညီပေးနေကြတဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေအတွက် ကူညီပေးသူတွေကိုနားလည်းပေးစေချင်တယ်။ နောက်ပြီး ကိုဗစ်ကာကွယ်တားဆီးရေးအရ မလွဲမရှောင်သာ သွားနေရတဲ့ သူတွေကိုလည်းနားလည်ပေးသင့်တယ်။ ပြည်သူတွေအနေနဲ့လည်း ဒီထုတ်ပြန်ချက်တွေအတိုင်း လိုက်နာကာ ရောဂါထိန်းချုပ်ရေးမှာပါဝင်သင့်ပါတယ်။
.

စာရေးဆရာ ဝေဟင်အောင်

ကျွန်တော်တို့ကတော့ ဒီထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ဒီထုတ်ပြန်ချက်က လုပ်လည်းလုပ်သင့်တယ်။ ရခိုင်ပြည်သူတွေ အားလုံးကလည်းလိုက်နာ သင့်တယ်။ ဒီလို လိုက်နာသင့်ပြီးရင် ရပ်ရွာတွေမှာ မရှိဆင်းရဲသားတွေရှိမယ်။ အဲဒီမရှိဆင်းရဲသားတွေ အတွက် ကျွန်တော်တို့ ရခိုင်ရိုးရာ အစဉ်လာအရ တဆုပ်ဆန်ကောက်တဲ့ ပုံစံမျိုးကောက်ယူပြီး မရှိဆင်းရဲသားတွေကို မျှဝေသင့်တယ်။ ရောဂါက လာမယ့် နှစ်ပတ် သုံးပတ်အတွင်းမှာ ဒီထက်တိုးလာနိုင်ခြေရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ရှိရောဂါဖြစ်နေတာက လူမသိသူမသိဖြစ်နေကြပြီး တော့ဒီအတိုင်း ထားရင် ရောဂါကို ပြန့်ပွားအောင်လုပ်နေတာနဲ့တူတယ်။ အဲ့ဒီ အတွက်ကြောင်း လာမည့်တစ်ပတ် နှစ်ပတ်အတွင်း ရောဂါတွေစိုးရိမ်ရတဲ့ အခြေနေတွေရှိနေသောကြောင်း ဒီနှစ်ပတ်လောက်အတွင်းကို ပြည်သူအားလုံးလိုက်နာဖို့လိုပါတယ်။ စီးပွားရေးသမား များအနေဖြင့်လည်း ဒီအချိန်က ကိုယ်ကျိုးထုတ်သင့်တဲ့ အချိန်မဟုတ်ပါ။ လူသား အားလုံးပေါ်မှာ ကျရောက်နေတဲ့ ဘေးဥပါဒ်ဖြစ်တဲ့အတွက် ဝိသမလောဘတွေ မတက်ဖို့အရေးကြီးပါတယ်။တကယ်လို့ အဲ့လိုသာ ဖြစ်လာရင် ULA/AA အနေဖြင့်လည်း ထိရောက်စွာ အရေးယူလိမ်မည်လို့ ကျွန်တော်ထင်ပါတယ်။
.

ကိုဂျပန်ကြီး(ဥက္ကဌ) လေးဝတီ ကုလရက္ခိတအသင်း

“ကိုဗစ်နဲ့ပတ်သတ်ပြီးတော့ Stay Homeလုပ်တာမှန်သမျှကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့လက်ရှိ လုပ်နေတဲ့ပရဟိတလုပ်ငန်းတွေမှာလည်း ကိုဗစ်နဲ့ပတ်သတ်တဲ့လုပ်နေတာတွေများပါတယ်။ကိုဗစ်ရဲ့နောက်ဆက် တွဲက ကျန်းမာရေးတစ်ခုထည်းတင်မဟုတ်ဘူး။စီးပွားရေး၊လူမှုရေးတွေပါ ပါလာတယ်။ခု Stay Homeအနေ နဲ့ ၂ ပတ်သတ်မှတ်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ဘယ်အဖွဲ့အစည်းမဆိုကြိုဆိုပါတယ်။ဒါက လုပ်သင့်လုပ်ထိုက် လို့လုပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ စီးပွားရေး၊လူမှုရေး၊ပညာရေးတွေကို ၂ပတ်ထဲမှာ ကောင်း ကောင်းမွန်မွန်ထိန်းချုပ်မလား ဒါမှမဟုတ် ကိုဗစ်ရောဂါရဲ့ ဆိုးဝါးတဲ့ဒဏ်ကို ရေရှည်ခံမလားဆိုတော့ ကျွန်တော် တို့ ကတော့ ၂ပိတ်ပဲခံပါမယ်။ရေရှည်မှာထိန်းချုပ်နိုင်ဖို့ဆိုတာမလွယ်ဘူး။ထိထိရောက်ရောက်လုပ်နိုင်ရင် ကျွန် တော်တို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ လူမျိုးတွေဟာ လူဆင်းရဲပေမယ့် စိတ်ဓါတ်မ ဆင်းရဲဘူးဆိုတာအားလုံးအသိပါဘဲ။ဒီလို ခက်ခဲတဲ့အချိန်ကာလမှာ အကုန်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြ ဖို့လိုပါတယ်။ မိသားစုတစ်စု အခက်အခဲဖြစ်နေရင် တတ်နိုင်တဲ့မိသားစုက ကိုယ်တတ်သလောက်ကူညီကြတာ ပေါ့”

https://www.facebook.com/westernnewsagency/posts/333626765110501

Leave a Reply

Your email address will not be published.