မြောက်ဦး စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်တစ်ဦး ကိုဗစ်ပိုးတွေ့ဟု မြို့နယ်ဆရာဝန်ကြီးအတည်ပြု

By Western News/ 2021 July 14

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည်အမျိုးသမီးတစ်ဦးတွင် ကိုဗစ် ၁၉ ပိုး စစ်ဆေးတွေ့ရှိရကြောင်း မြို့နယ်ဆရာဝန်ကြီးမှ Western News ကိုအတည်ပြုပြောသည်။

၎င်းစင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၅စုနှင့် လူဦးရေ ၃၉၀၁ ဦးရှိသည်။ ယင်းထဲမှာ ပထမဦးဆုံးအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်ဟုမြောက်ဦးမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်း Western News ကိုအတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်။ ကိုဗစ်ပိုးတွေ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာပါ။ လက်ရှိမြောက်ဦးဆေးရုံမှာ ကိုဗစ်လူနာ ၁၂ ဦးရှိတယ်”ဟု ပြောသည်။

ပိုးတွေ့ရှိသူ အမျိုးသမီးမှာ မြောက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာမှအသက် နှစ် ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူဖြစ်ကြောင်းသိရှိရသည်။

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးမှာ ပြီးခဲ့သည့် ၂ ရက်ကတည်းကဖျားပြီး အနံ့မရသည့်အတွက် ယနေ့ဇူလိုင် ၁၄ ရက်နေ့တွင် ကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိသူ ၂ ဦးရောက်ရှိလာပြီး ဆေးရုံခေါ်သွားသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးညီပုက Western News ကိုပြောသည်။

“သူက ဖျားပြီးအနံ့မရတာ ၂ ရက်ရှိနေပြီတဲ့ ။ ဒီနေ့မနက်ကကျေးလက်ကျန်းမာရေးဌာနက ၂ ဦးရောက်လာပြီး မြောက်ဦးဆေးရုံကို ခေါ်သွားပါတယ်”ဟုပြောသည်။

လက်ရှိတွင် ပိုးတွေ့ရှိသူ အမျိုးသမီး၏ မိသားစုဝင်များကို စစ်ဘေးရှောင်စခန်းရှိ ၎င်းတို့ ယာယီတဲအိမ်တွင်းတွင်သာ နေထိုင်ခွင့်ပြုထား ကြောင်း၎င်းကဆက်ပြောသည်။

ကိုဗစ်တတိယလှိုင်းကြောင့် ပိုးတွေ့လူနာနှင့် သေဆုံးများလာသော်လည်း စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ကာကွယ် မှုပစ္စည်းများ ထောက်ပံ့မှုမရှိသလို ကိုဗစ်စည်းကမ်းဖြင့်နေထိုင်မှုလည်းအားနည်းနေကြောင်းစခန်းတာဝန်ခံ ဦးညီ ပုကဆက်ပြောသည်။

“ကိုဗစ် တတိယလှိုင်းဖြစ်နေပေမယ့် ကျွန်တော်တို့မှာ ကိုဗစ်ကာကွယ်ဖို့အတွက်ပစ္စည်းထောက်ပံ့မှုမရှိဘူး။ မနှစ်က ကျန်နေတဲ့ဟာတွေပဲ နည်းနည်းမျှပြီးသုံးနေရတယ်”ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/329851452154699

Leave a Reply

Your email address will not be published.