By Narinjara/ 2021 July 22
ချစ်အိလှိုင်
မြောက်ဦးဆရာတော်ဦးဆောင်၍ ကိုယ်ထူကိုယ်ထဖြင့် ပြုလုပ်ထားသည့် မြောက်ဦးမြို့နယ်မှ အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ကောင်စီ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်မည်မဟုတ်ဟု နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့က ပြောဆိုလိုက်သည်။
အဆိုပါစက်ရုံစက်ရုံကို တာဝန်ယူလုပ်ကိုင်နေသည့်အဖွဲ့အား ပြည်နယ် ပစက ကောင်စီက အလှူငွေ သိန်း ၁ဝဝ လာရောက်လှူဒါန်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ သို့ရာတွင် ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ရက်စွဲဖြင့် ရခိုင်ပြည်နယ်ကောင်စီက အစည်းအဝေးဆုံးဖြတ်ချက်များ အထဲတွင် ၄င်းစက်ရုံမှ အောက်ဆီဂျင်များကို ပြည်နယ်မှညွှန်ကြားချက်အတိုင်းသာဖြန့်ဖြူးရန်ထုတ်ပြန်ခဲ့ကြောင်း နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ မောင်ဝင်းရွှေက ပြောသည်။
“ ကျွန်တော်တို့က ကျွန်တော်တို့ညွှန်ကြားချက်နဲ့ကျွန်တော်တို့လုပ်သွားမှာပါ အားလုံးကို။ ဆရာတော်ကြီးရဲ့အောက်မှာ ကျွန်တော်တို့ပြည်သူ၊ ပြည်သားတွေလှူထားတဲ့စက်ရုံဖြစ်တဲ့အတွက် ဘယ်သူမှညွှန်ကြားလို့မရဘူး” ဟုပြောသည်။
အဆိုပါ ရခိုင်ပြည်နယ် ပစက ကောင်စီ၏ အစည်းအဝေးမှ ဆုံးဖြတ်ချက်များထဲတွင် “ မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်စက်မှထွက်သည့် အောက်ဆီဂျင်များကို ပြည်နယ်မှ ချမှတ်ထားသော မူဝါဒဖြစ်သည့် ကိုဗစ်-၁၉ ကုသရေး ပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန် ဆိုသည့်အတိုင်းလိုက်နာစေရေးကြပ်မတ်ဆောင်ရွက်ရန်” ဟုပါရှိသည်။
အဆိုပါစက်ရုံဖြစ်မြောက်ရေးအတွက် မြောက်ဦးဆရာတော်ကြီးဦးဆောင်၍ ဒေသခံများမှ စုပေါင်းလှူဒါန်းငွေများဖြင့် ဇူလိုင် ၂၂ ရက်နေ့တွင် အောက်ဆီဂျင်စတင်ထုတ်လုပ်နိုင်အေင် လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။
၄င်းစက်ရုံမှ တစ်နေ့လျှင်အောက်ဆီဂျင် ၄ဝ လီတာဗူးကြီး အလုံး ၄ဝ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်မှ လိုအပ်သည့် ဆေးရုံများသို့ အခမဲ့လှူဒါန်းရန် ရည်ရွယ် ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက်နေ့က စတင်ထွက်ရှိလာသည့် အောက်စီဂျင်ဘူးများအထဲမှ စစ်တွေကို ၁၆ ဘူး၊ တိမ်ညိုတိုက်နယ်ဆေးရုံကို တစ်ဘူး၊ ကျောက်တော်နှင့် မင်းပြားမြို့ဆေးရုံများသို့လည်း အသီးသီး ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4519622691383106