မြောက်ဦးမြို့ အောက်ဆီဂျင်စက်ရုံတွင် စက်တပ်ဆင်၊ များမကြာမီ ထုတ်လုပ်နိုင်တော့မည်

By Narinjara/ 2021 July 15

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒဦးဆောင်မှုဖြင့် နန်းရိပ်ဂရုဏာ အောက်ဆီဂျင်ကူညီရေးအဖွဲ့ (မြောက်ဦး) က တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံတွင် စက်ရောက်ရှိလာပြီ ဖြစ်သဖြင့် ဇူလိုင် ၁၄ ရက်နေ့က စက်စတင်တပ်ဆင်နေပြီး များမကြာမီ အောက်ဆီဂျင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းရိပ်ဂရုဏာ အောက်ဆီဂျင်ကူညီရေးအဖွဲ့ (မြောက်ဦး) ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက” အခုစက်က တပ်ဆင်နေပါပြီ။ မနေ့က တပ်ဆင်တာဆိုတော့ ၁၅ ရက်လောက်ကြာမယ်ထင်ပါတယ်။ ပီးရင်တော့ အောက်ဆီဂျင်စတင်ထုတ်လုပ်နိုင်ပါလိမ့်မယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တစ်နေ့ကို အောက်ဆီဂျင် ၄၀ လီတာဘူးကြီး ၄၀ ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

၎င်းအောက်ဆီဂျင်စက်မှာ သိန်း (၆၀၀) တန်ဖိုးရှိပြီး သယ်ယူခအပါအဝင် တပ်ဆင်ခနှင့် တစ်ခြားလိုအပ်ချက်များနှင့် ပေါင်းလျှင် သိန်း ၈၀၀ ခန့် ကုန်ကျကြောင်း၊ အဆောက်အဦနှင့်ပါဆိုလျှင် သိန်း တစ်ထောင်ကျော်ကုန်ကျသည်ဟု ၎င်းက ဆိုသည်။

“ ဒီအောက်ဆီဂျင်စက်ရုံတည်ဆောက်ရတာကတော့ ရခိုင်ပြည်နယ်အတွင်း လူနာတွေအတွက် လိုအပ်နေတဲ့ အောက်ဆီဂျင်တွေကို မြန်မြန်ဆန်ဆန်ရရှိရေးနဲ့ လူနာတွေကို ကုသနိုင်ရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်တာပါ။ အဓိကတော့ မြောက်ဦးဆရာတော်ကြီးရဲ့ ဦးဆောင် ကူညီပေးမှုနဲ့ အောင်မြင်အောင်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်” ဟု ဦးမောင်ဝင်းရွှေက ပြောကြားသည်။

မြောက်ဦးအောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ဘူးများကို အနီးအနားရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ စစ်တွေထိ ကူညီပံ့ပိုးသွားနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

https://www.facebook.com/narinjara.info/posts/4496184820393560

Leave a Reply

Your email address will not be published.