By Western News/ 2021 July 9
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် သောက်သုံးရေကန်ကြီးတစ်ခုဖြစ်သည့် လက်ဆည်ကန်အနီး၌ အမှိုက်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်ဒေသများ ညစ်ညမ်းမှုဖြစ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
၎င်းအမှိုက်ပုံကြီးကြောင့် သောက်သုံးကန်ရေ၏ မြေအောက်ရေကြောများကို ညစ်ညမ်းစေကြောင်းနှင့် အမှိုက်ပုံအား ရံဖန်ရံခါ မီးရှို့မှုတို့လုပ်ဆောင်သည့်အတွက် အနီးပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနေကြောင်း မြောက်ဦးမြို့ရှိ ဝသဲရပ်ကွက်တွင် နေထိုင်သူ ကိုကျော်လင်းဟိန်းမှ ပြောသည်။
“အဲဒီနေရာမှာ အမှိုက်တွေကပုံနေတာ အများကြီးပါပဲ။ ပလစ်စတစ်စွန့်ပစ်ပစ္စည်းတွေကတော့အများဆုံးပဲ။ အမှိုက်ပုံကြီးက သောက်ရေကန်နဲ့နီးနီးနားနားမှာ ရှိနေတာဆိုတော့ ရေကန်ရဲ့မြေအောက်ရေကြောတွေကို ညစ်ညမ်းစေနိုင်တယ်။ ကြာလာရင် ရေကန်အတွက်ဆိုးကျိုးဖြစ်လာနိုင်တာပေါ့။ ပြီးတော့ ရံဖန်ရံခါ အဲအမှိုက်ပုံကြီးကို အဲဒီနေရာမှာပဲ မီးရှို့တာတွေရှိတယ်။ အဲလိုလုပ်တော့ ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့သူတွေအတွက် ထိခိုက်မှုရှိတာပေါ့” ဟုပြောသည်။
အမှိုက်ပုံကြီးရှိသောနေရာမှာ မြို့၏အဓိကလမ်းနံဘေးတွင် ရှိနေခြင်းဖြစ်ပြီး စည်ပင်မှလာသိမ်းယူမှုမရှိ၍ ယခုကဲ့သို့ ပတ်ဝန်းကျင်ညစ်ညမ်းသည်အထိ ဖြစ်လာရခြင်းဖြစ်ကြောင်း မြောက်ဦးလူငယ်အစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုခိုင်မင်းသျှင် ကပြောသည်။
“အဲဒီအမှိုက်ပုံကြီးက မြို့ရဲ့အဓိကသွားလမ်းလာလမ်းနေရာမှာ ရှိနေတာပါ။ ပြီးတော့ မြောက်ဦးဆိုတာက ခရီးသွား လည်ပတ်တဲ့သူတွေ တော်တော်များများလာတဲ့နေရာလေ။ အဲလိုနေရာမျိုးမျာ အဲဒီအမှိုက်ပုံကြီးရှိနေတော့ တော်တော်ရုပ်ဆိုးတာပေါ့။ အမှိုက်တွေကတော့ အနီးအနားကလူတွေပစ်ကြတာပဲပေါ့။ အဓိကကတော့ စည်ပင်က လာရောက်သိမ်းဆည်းမှုမရှိလို့ ပတ်ဝန်းကျင်ညစ်ညမ်းစေလောက်တဲ့ အမှိုက်ပုံကြီးဖြစ်သွားတာပါပဲ” ဟုဆိုသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မြို့နယ်စည်ပင်အား ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းနေရာတွင် စီးပွားရေးလုပ်ငန်းများမှ အမှိုက်အများအပြားလာရောက်ပစ်ထားကြကြောင်း စည်ပင်အနေဖြင့် အမှိုက်နှင့်ပတ် သက်၍ တာဝန်ရှိသည်ဟုဆိုသော်လည်း မြို့နေလူထုမှလည်းစည်းကမ်းရှိရန်လိုအပ်ကြောင်း မြို့နယ်စည်ပင်၏ လက်ထောက်ညွှန်မှူး ဦးရွှေမောင် မှပြောသည်။
“စည်ပင်သာယာနဲ့အမှိုက်နဲ့တော့ပတ်သက်တာပေါ့နော်။ ဒါပေမယ့် အမှိုက်အမျိုးအစားအလိုက်တော့ တာဝန်ယူမှု တွေကွာသွားတာပေါ့။ ကျနော်တို့သတ်မှတ်ထားတာတော့ မီးဖိုချောင်သုံးအမှိုက်က မြို့ပတ်ပြီးသိမ်းပေးတယ်။ ကျန်တဲ့ စီးပွားရေး၊ ဆေးရုံဆေးခန်း၊ ခြံထွက်၊ စက်ရုံလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း စတဲ့ဟာတွေကထွက်တဲ့ အမှိုက်တွေကိုတော့ ကျနော်တို့ဆီ အကြောင်းကြားရင် ကျသင့်တဲ့ဝန်ဆောင်ခလေးပဲယူပြီး သွားသိမ်းဆည်း ပေးပါတယ်။ ခုရေကန်နား ကအမှိုက်ကပုံကြီးမှာ စီးပွားရေးလုပ်ငန်းက အမှိုက်တွေလာပစ်ကျတယ်။ ပစ်ရင်လည်း အမှိုက်ပုံးထဲမထည့်ကျဘူး။ အမှိုက်နဲ့ပတ်သက်လို့ စည်ပင်အပြင် အမှိုက်ပစ်တဲ့လူတွေလည်း စည်းကမ်းရှိဖို့လိုတာ ပေါ့နော်။ ကျနော်တို့မှာက ဝန််ထမ်းအင်အား ၂၀ ကျော်လေးနဲ့ တစ်မြို့လုံးအမှိုက်တွေလိုက်သိမ်းနေရတာပါ” ဟုဆိုသည်။
မြောက်ဦးရှိ လက်ဆည်ကန်ခေါ် သောက်သုံးရေကန်ကြီးသည် အေဒီ ၁၄၃၀ ခုနှစ်ကပင် တူးဖော်ခဲ့သော သမိုင်းဝင် ရေကန်ကြီးတစ်ကန်ဖြစ်ပြီး ယခုအချိန်ထိ မြောက်ဦးတစ်မြို့လုံးနီးပါးအား သောက်သုံးရေဖြန့်ဖြူးပေးနေသည့် ရေကန်ကြီးတစ်ကန်လည်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပြီး မြောက်ဦးဒေသအား UNESCO အသိမှတ်ပြုရန် ကြိုးပမ်းနေကြသောကာလလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/326519845821193