မြောက်ဦးမြို့အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် စထုတ်

By Development Media Group (DMG)/ July 22

photo – နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့်တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှ ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်ကပင် အောက်စီဂျင်စတင်ထုတ်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိအချိန်ထိ အောက်စီဂျင် ၄၀ လီတာဗူး ၂၄ လုံးနှင့် ၁၅ လီတာဗူးဖြင့် ၃၀ လုံးထုတ်လုပ်ပြီးစီးပြီးဖြစ်ကာ လိုအပ်လျှက်ရှိနေသည့်မြို့နယ်များကို ဖြန့်ဝေပေးလျက်ရှိနေသည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက DMG ကိုပြောသည်။

“ကျနော်တို့က မနေ့ကနေ့ထုတ်နေတာပါ။ အခုကျိန်းရိပ်ကရုဏာနာ(မင်းပြား)ကို ဆယ်လုံး၊ ဖြူစင်မေတ္တာ(ကျောက်တော်)ကို ငါးလုံး၊ တိမ်ညိုကျေးရွာကို တစ်လုံးပါ၊ ရွှေကရုဏာ(စစ်တွေ)ကို ဒီကနေ့ ဆယ့်ခြောက်လုံးပေးမယ့်အစီအစဉ်ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ဘယ်မြို့နယ်၊ ဘယ်မြို့နယ်တွေကို လှူဒါန်းသွားမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ အောက်ဆီဂျင်လိုအပ်ချက် ရှိနေတဲ့မြို့နယ်တွေအားလုံး ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟုဦးမောင်ဝင်းရွှေက ပြောသည်။  

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များတွင် အောက်ဆီဂျင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ မြောက်ဦးမြို့တွင် အောက်ဆီဂျင် ပထမဆုံး စတင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အောက်ဆီဂျင်ဖြည့်မည့်ဗူးခွံများမှာ လုံလောက်မှုမရှိသည့်အတွက် အခက်အခဲများရှိနေပြီး ဗူးခွံများကိုမှာယူထားကာ တစ်ရက်ကို ၄၀ လီတာဗူးဖြင့် အလုံး ၆၀ ခန့် ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။

အောက်ဆီဂျင်ဖြန့်ဝေပေးရာတွင် ငွေကြေးတတ်နိုင်သည့်သူများကို အလှူငွေအဖြစ် ငွေကြေးကောက်ခံသွားမည်ဖြစ်ပြီး ငွေကြေးမတတ်နိုင်သူများကို အခမဲ့ပေးသွားမည်ဖြစ်သည်ဟု ဦးမောင်ဝင်းရွှေက ပြောသည်။

“လောလောဆယ်မှာတော့ အခမဲ့တော့မဟုတ်ပါဘူး။ တတ်နိုင်ရင်တော့ ၅၀၀၀ ယူမယ်။ မတတ်နိုင်ရင်တော့ အခမဲ့ပေးသွားပါမယ်ဆိုတာမျိုးတွေလုပ်ထားပါတယ်။ အဲဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကလည်း ကျနော်တို့မှာ အခုဝန်ထမ်း ၄ ယောက်လောက်ခန့်ထားရပါတယ်။ နောက်ပြီး ဒီစက်အတွက် မီတာခပေးဆောင်ရမှာလည်း သိန်း ၄၀ နဲ့ ၃၀ ကြားမှာရှိတယ်လို့သိရပါတယ်” ဟု ဦးမောင်ဝင်းရွှေက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦးမြို့အပြင် အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မာန်အောင်၊ မောင်တော၊ ပုဏ္ဏား ကျွန်း၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ ၊ ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင်လည်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေများကောက်ခံနေကြသည်ဟု သိရသည်။

ဇူလိုင် ၂၁ ရက်နေ့အထိ စာရင်းအရ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၁၇၈၉ ဦးအထိရှိကာ ယင်းအထဲမှ သေဆုံးသူ ၇၄ ဦးနှင့် ဆေးကုသမှုခံယူနေရသူ ၉၆၁ ဦးရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2067053496780384

Leave a Reply

Your email address will not be published.