မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့ရှိ

By Development Media Group (DMG)/ July 14

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့သည့် ၂ ရက်က အနံ့မရခြင်းဖြစ်ခဲ့ကာ ယနေ့နံနက်ပိုင်းက ဆွေမျိုးများရှိရာ ဘုရားကြီးကျေးရွာသို့သွားရောက်စဉ် ယင်းကျေးရွာမှတဆင့် သူမကို ကျန်းမာရေးဌာနမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။

ယင်းအမျိုးသမီးမှာ စစ်ဘေးရှောင်စခန်းအတွင်း ဈေးဆိုင်ရောင်းခြင်း၊ မြောက်ဦးမြို့သို့သွားရောက်ကာ ဆိုင်ဝန်ပစ္စည်းများ ဝယ်ယူခြင်းများကို မကြာခဏလုပ်ဆောင်နေသူဖြစ်ကြောင်းလည်း သိရသည်။

စခန်းတာဝန်ခံ ဦးညီပုက “သူက ဒီနေ့မနက်ပိုင်း သူ့ကျေးရွာကို သွားခဲ့တယ်။ အဲဒီကနေတဆင့် ဆေးရုံကခေါ်သွားတာပါ။ လောလောဆယ်တော့ စခန်းကို ပြင်ပလူသွားလာခွင့်မပြုဘူး။ စခန်းကလူတွေလည်း တခြားရွာထဲကို သွားခွင့်မပြုဘူး။ စခန်းကို ဒီလိုမျိုး အကြာကြီးကန့်သတ်ထားရင်တော့ စားဝတ်နေရေး အခက်အခဲ ဖြစ်လာမယ်။ ဆန်ရိက္ခတွေလည်း နည်းနည်းလောက်ပဲ ရှိပါပြီ” ဟု ဆိုသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၇၇၅ ဆောင်ရှိပြီး စခန်းအတွင်းမှ ကျန်းမာရေးမကောင်းသူများကို ကျန်းမာရေးဌာနသို့ လျင်မြန်စွာဆက်သွယ်၍ရအောင် စီစဉ်ထားကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2061008217384912

Leave a Reply

Your email address will not be published.