By Narinjara/ 2021 July 2
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှ အမျိုးသားနှစ်ဦး ပိုက်ချနေစဉ် ယနေ့ နံနက် ၄ နာရီခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဓားပြတိုက်ခံရသူများမှာကြိမ်ချောင်းကျေးရွာနေ ဦးမောင်ခင်သန်းနှင့် ဦးဇော်ထွန်းတို့ဖြစ်ကြသည်။
၄င်းတို့နှစ်ဦးသည် ယနေ့နံနက်က ဆားသည်မချောင်းတွင် ပိုက်ချနေစဉ် ဟွန်ဒါစက်လှေတစ်စီးဖြင့် လူငါးဦးခန့်က ရောက်ရှိလာပြီး ငါးဖမ်းလှေပေါ်မှ ဟွန်ဒါစက်တစ်လုံး၊ ဖုန်းတစ်လုံးနှင့် ပစ္စည်းတချို့ လုယက် ယူဆောင်သွားခဲ့သည်ဟု ဓားပြတိုက်ခံရသူ ဦးခင်မောင်သန်းက နိရဉ္စစရာသတင်းဌာနသို့ ပြောသည်။
“ အဲဒီစက်လှေဝင်လာပြီးမလှမ်းမကမ်းကနေ လေးဂွတွေနဲ့ပစ်ပါတယ်။ အနီးရောက်တော့ လှံနဲ့ ပစ်ပါတယ်။ လူလေးငါးယောက်လောက်ရှိမယ်။ ကျွန်တော်တို့လည်း ကုန်းပေါ်ကို တက်ပြေးခဲ့တယ်။ သူတို့ ကျွန်တော်တို့စက်လှေက ဟွန်ဒါစက်တစ်လုံး၊ ဖုန်းတစ်လုံး၊ပန်းကန်နှစ်ချပ်နဲ့ ကွမ်းထုပ် တွေကအစ ယူသွားတယ်။ ရခိုင်စကားပြောပါတယ်။ ကျွန်တော်တို့ ရွာနီးစပ်မှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်နေတာ ခုနစ်ကြိမ်လောက်ရှိပြီ။ ဖြေရှင်းပေးဖို့လူမရှိလို့ သတင်းဌာနကို တိုင်ရတာပါ” ဟုပြောသည်။
၄င်းတို့ဟွန်ဒါစက်လှေမှ စက်မှာ Kawa အမျိုးအစားစက်ဖြစ်ပြီး သုံးသိန်းကျော်တန်ဖိုးရှိကြောင်း၊ ဖုန်းတစ်လုံးမှ နှစ်သိန်းနီးပါးတန်ဖိုးရှိကြောင်း၊ စုစုပေါင်း ၅ သိန်းကျော်ခန့် ဓားပြ တိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ နံနက်မိုးမလင်းသေးသည့် အချိန်ဖြစ်၍ လူကို မမှတ်မိကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြိမ်ချောင်းကျေးရွာစီမံအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက “ ကျွန်တော်တို့ဆီ တိုင်ကြားဖို့ရောက်နေကြပါတယ်။ ဒီနေ့မနက်ကသူတို့အတိုက်ခံရတာပါ။ ဟိုနေ့ ကလည်း ဇွန်လ ၃ဝနေ့ကလည်းရွာက အိမ်တစ်အိမ်ကိုလည်း ဓားပြတိုက်ခံရတယ်။ ဒီလိုမျိုး ကျွန်တော်တို့ကြိမ်ချောင်းရွာအနီးအနားမှာ ခုနစ်ကြိမ်လောက်ရှိနေပြီ။ အခုတိုက်ချက်သွားဖွင့်ဖို့ လုပ်နေပါတယ်။ တိုက်ပွဲတွေမရှိတော့ပေမယ့် ဓားပြတိုက်ကြတာများလာတာကိုတော့ သက်ဆိုင်ရာတွေက ဖြေရှင်းဖို့လိုနေပါပြီ” ဟုပြောသည်။
ရခိုင်ပြည်နယ်မြို့နယ်တချို့တွင် အလားတူ ဓားပြတိုက်ခံရမူများရှိလာနေသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုရှိလာနေကြောင်း သတင်းရရှိသည်။
https://www.facebook.com/narinjara.info/posts/4459349584077084