By Narinjara/ 2021 July 21
အေးမြတ်ခိုင်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်ဦးဆောင်၍ အလှူရှင်များ စုပေါင်းထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်နေသော အောက်စီဂျင်စက်ရုံမှ မနက်ဖြန် ဇူလိုင် ၂၂ ရက်က စတင်ပြီး အောက်စီဂျင် ထုတ်လုပ်နိုင်တော့မည်ဟု နန်းရိပ်ကရုဏာ အောက်စီဂျင်ကူညီရေးအဖွဲ့မှ ဥက္ကဌဦးမောင်ဝင်းရွှေက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းတွင် တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်မှုမြင့်တက်နေသည့်အပြင် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးမှုများရှိလာနေသဖြင့် အောက်စီဂျင်စက်ရုံများကို ရခိုင်ပြည်နယ်မှ မြို့များအားလုံးတွင် တည်ဆောက်နိုင်ရန် လူမှုရေး လှုပ်ရှားနေသူများက ဦးဆောင် ကြိုးစားဆောင်ရွက်နေကြရာ မြောက်ဦးမြို့၌ တည်ဆောက်သည့် စက်မှာ ရခိုင်ပြည်နယ်အတွင်း ပထမဆုံးလည်ပတ်မည့် စက်ဖြစ်ကြောင်း သိရသည်။
ဦးမောင်ဝင်းရွှေက “ဒီနေ့က စက်စမ်းတယ်။ မနက်ဖြန်ကစပြီးထုတ်ပါမယ်။ တစ်ရက်ကို အလုံး ၄၀ ထုတ်နိုင်မှာပါ။ ဒီအောက်စီဂျင်တွေကို လိုအပ်တဲ့ ဆေးရုံတွေ နဲ့လိုအပ်နေတဲ့နေရာတွေကို ထောက်ပံ့ ပေးမယ်။ လောလောဆယ် ဗူးခွံတွေအားနည်းနေတဲ့အတွက် ကိုယ်ဗူးနဲ့ ကိုယ်လာဖြည့်ရင်တော့ ကျွန်တော့တို့ကူညီပေးသွားမှာပါ” ဟု ပြောသည်။
လောလောဆယ် အရေးပေါ်ကာလတွင် အောက်စီဂျင်ဘူးများကို အခမဲ့ဖြည့်ကာ ကူညီ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
“ဒီအရေးပေါ်ကာလမှာတော့ အခမဲ့လုပ်ပေးသွားမှာပါ၊၊ နောက်ပိုင်းမှာတော့ အသင်းအဖွဲ့အစည်းနဲ့ တိုင်ပင်ပြီးသတ်မှတ်သွားမယ်။ ဥပမာ တစ်ဗူးကို ၅၀၀၀ လောက် ပေါ့။ ဒီစက်လည်ပတ်နိုင်ဖို့ ကျွန်တော်တို့မှာ ရန်ပုံငွေလိုအပ်တယ်လေ။ ဒီစက်အတွက် မီတာခသီးသန့် တစ်လကို သိန်း ၂၀ နဲ့ ၃၀ ကြားရှိမယ်ထင်တယ်။ ဝန်းထမ်းစရိတ်အပါအဝင်ဆို တစ်လကို သိန်း ၄၀ လောက်ကုန်ကျနိုင်တယ်” ဟု ပြောသည်။
မြောက်ဦးအပြင် လက်ရှိတွင် ရခိုင်ပြည်နယ်က သံတွဲ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မာန်အောင်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် စစ်တွေမြို့တို့တွင်လည်း အောက်စီဂျင် စက်ရုံတည်ဆောက်ရန် စီစဉ်နေပြီး စေတနာရှင်များက အလှူငွေများ မကြုံဖူးအောင် အားတက်သရော ထည့်ဝင် လှူဒါန်းနေကြသည်ဟု သတင်းရရှိသည်။
https://www.facebook.com/narinjara.info/posts/4514399525238756