မြောက်ဦးနယ်ရှိ မြောင်းဘွေတိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရလှူထားသည့် ဆေးရုံသစ်သို့ ပြောင်းရွှေ့မည်

By Narinjara/ 2021 July 11

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာရှိ တိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရက ဆောက်လုပ်လှူဒါန်းထားသည့် နေရာသစ်သို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။

အဆိုပါတိုက်နယ်ဆေးရုံကို လက်ရှိ ဆေးရုံဝင်းအတွင်းရှိ အသစ်တည်ဆောက်ထားသည့် ဆေးရုံသစ် (၂)ထပ်အဆောင်သို့ ပြောင်းရွှေ့မည်ဟု မြောက်ဦးမြို့နယ် ဆရာဝန် ဒေါက်တာခင်မောင်သန်းက နိရ ဉ္စရာသို့ပြောသည်။

“အဲဒီဟာက ပြီးတာတော့ ကြာပြီ။ ဒါပေမဲ့ စစ်ပွဲကြားထဲမှာ ဟိုဟာဖြစ်လို့ အဲဒီမှာ ကျည်ပေါက်ရာတွေနဲ့ လောလောဆယ် နေလို့မရသေးလို့ အဆင်သင့်ဖြစ်အောင်တော့ ပြင်နေပါတယ်။ ICRC အဖွဲ့က ကူညီပေးတယ်။ မကြာခင် လာမဲ့ သြဂုတ်လအတွင်းလောက်တော့ ပြောင်းမှာပါ။”ဟု ပြောသည်။

ပြောင်းရွှေ့မည့်ဆေးရုံအသစ်သည် (၂၅)ခုတင်ဆံ့ပြီး အောက်ထပ်တွင် ဆေးရုံနှင့်ဆိုင်သည့် လူနာ ကျား/မ အဆောင်များ၊ ဓာတ်ခွဲအခန်းများနှင့် အခြား လိုအပ်သည့်အခန်းများကို ဖွဲ့စည်းထားပြီး ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းတိုက်ခြင်းများစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အပေါ်ထပ်တွင် Hall ခန်းအဖြစ် ထားရှိကြောင်း သိရသည်။

ယခင်အသုံးပြုခဲ့သည့် မြောင်းဘွေတိုက်နယ်ဆေးရုံအဟောင်းမှာ (၁၆)ခုတင်ဆံ့ပြီး ဟောင်းနွမ်းပျက်စီးလာနေ၍ အင်ဒိုနီးရှားအစိုးရက ယခုအဆောင်အသစ်ကို ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပြီးစီးခဲ့ခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း (၁)သောင်းခန့် ကုန်ကျခဲ့သည်ဟုလည်း သိရသည်။

“ဒီမြောင်းဘွေဆေးရုံမှာက ရခိုင်ရော၊ မူဆလင်ရော အားလုံးကို လက်ခံကုသပေးနေတယ်လေ။ အဲဒါကြောင့် အင်ဒိုနီးရှားကလူတွေနဲ့ နိုင်ငံခြားကလူတွေလာကြည့်တော့ ဒီမှာ အားလုံး နွေးနွေးထွေးထွေးနေကြတယ်ဆိုပြီးတော့ ဒီဆေးရုံကို မြောင်းဘွေကို ချပေးတာပါ။”ဟု မြောင်းဘွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက နိရဥ္စရာကိုပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံသည် မြောက်ဦးနှင့် မင်းပြားမြို့နယ်(၂)ခုမှ ရွာပေါင်း ၅ဝ ခန့် အားထားအသုံးပြုနေရသည့်ဆေးရုံဖြစ်သည်။

ဆရာဝန် (၂)ဦး၊ သူနာပြု (၆)ဦး၊ ဓာတ်ခွဲ (၁)ဦး၊ ဓာတ်မှန် (၁)ဦး၊ ဆေးစပ် (၁)ဦးနှင့် အထွေထွေလုပ်သားတို့အပါအဝင် ဆေးရုံဝန်ထမ်းစုစုပေါင်း (၁၉)ဦးရှိသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4487863507892358

Leave a Reply

Your email address will not be published.