By Western News/ 2021 July 24
ရခိုင်ပြည်နယ် မြောက်ဦးနယ်ရှိ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် မိုးရွာသွန်းမှုနှင့် ဒီရေတက်မှုတို့ကြောင့် စခန်းတစ်ခုလုံးရေနစ်မြုပ်လျှက်ရှိကြောင်း စခန်းတွင်းနေထိုင်သူများကပြောသည်။
စခန်းရေနစ်မြုပ်နေသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ပြီး လူနေထိုင်သည့်တဲအိမ်များမှာ ရေနစ်မြုပ်ရန် အနည်းငယ်ခန့် အကွာအဝေးသာလိုတော့ကြောင်း စခန်းတာဝန်ခံ ဦးမောင်သာကျော် ကပြောသည်။
“ရေတက်နေတာက ၂ ရက်လောက်ရှိပြီဗျ။ တဲအိမ်တွေက ရေမြုပ်ဖို့လက်တစ်လုံးအကွာပဲလိုတော့တယ်။ မိုးရွာတာနဲ့ရေတက်တာနဲ့ ရောသွားတော့ခုလိုဖြစ်သွားတာ။ ဒီနေ့ကရေပိုတက်လာသလိုပဲ။ စခန်းသာရေမြုပ်သွားရင် ဘယ်ကိုရွေ့ပြောင်းရမယ်မှန်းမသိတော့ပါဘူး။ ခုကကိုဗစ်ကာလဆိုတော့ တော်ရုံဘယ်နေရာသွားနေလို့ရမှာလဲ” ဟုဆိုသည်။
လက်ရှိတွင် ကိုဗစ်စည်းကမ်းအရ စခန်းအားနှစ်ပတ်ခန့်ပိတ်ထားရကြောင်း အစစအရာရာအခက်ခက်ခဲဖြစ်နေသည့်ထဲတွင် ရေနစ်မြုပ်မှုကြုံနေရသည်မှာ ပိုဆိုးရွားကြောင်း စခန်းတွင်နေထိုင်သည့် မမြင့်မြင့်စိုး ကပြောသည်။
“စခန်းကနှစ်ပတ်ပိတ်ထားရတယ်။ အရင်လိုမျိုးရှာဖွေစားသောက်ရတာ မလွတ်လပ်တော့ဘူးပေါ့နော်။ ဒီလိုအခက်ခဲတွေကြားမှာ စခန်းကရေပါထပ်မြုပ်နေတော့ အတော်အခက်ခဲဖြစ်နေပါတယ်။ရေတွေသာဒီထက်ပိုတက်လာရင် တဲအိမ်မှာနေလို့ရမှာမဟုတ်တော့ဘူး။ အဲလိုသာဖြစ်ရင် ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်သိတော့မှာမဟုတ်ဘူး” ဟုဆိုသည်။
အဆိုပါ ကုလားချောင်းစစ်ရှောင်စခန်းတွင် တင်းမ၊ ဝေသာလီ၊ ပေါက်တောပြင်၊ လောင်းရှည်၊ မျောက်တောင်၊ အောက်သားကန်၊ ဘူးရွက်မညိုး၊ လက္ကာ၊ ဘုရားပေါင်း၊ ပေါက်တောပြင်၊ မောင်သာကုန်း၊ ဘုရားအုပ် စသည့်ကျေးရွာများမှလာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး အိမ်ထောင်စု ၁၆၂ စုနှင့် လူဦးရေ ၉၆၃ ဦးရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/336155408190970