မြေပုံမြို့နယ် ကမ်းထောင်ကြီး စစ်ဘေး‌ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်၍ ဆန်ပြုတ်ကြို သောက်နေရ

By Western News/ 2021 July 30

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်ကာ စားသောက်ရန် မလောက်မငှဖြစ်နေ၍ ဆန်ပြုတ်ကြိုသောက်ရေသည်ဟု စစ်ဘေးဒုက္ခသည်များကပြောသည်။

စားနပ်ရိက္ခာမှာ ပြီးခဲ့သည့် ၆ ရက်ခန့်က စတင်ပြတ်သွားခြင်းခြင်ပြီး လက်ရှိတွင် စားသောက်ရန် ဆန်မလုံလောက်တော့သည့်အတွက် စစ်ဘေးရှောင်စခန်းတခုလုံး ဆန်ပြုတ်ကြိုသောက်နေကြရသည်ဟု အဆိုပါစစ်ဘေးရှောင်စ ခန်းမှ စစ်ဘေးဒုက္ခသည် မလုံးလုံးက Western News သို့ပြောသည်။

“ရိက္ခာကလေ ဒီလက ၃ ပတ်စာအတွက်ပဲရပါတယ်။ ဆန်လာပို့တဲ့ စရိတ်ခဆိုပြီး တစ်ပတ်စာ အဖြတ်ခံရတာပါ။ ဆန်က ၃ ပတ်စာဘဲ ရတယ် ပြီးတော့ ကိုဗစ်ကာလဆိုတော့ အပြင်လည်းထွက်လို့ အလုပ်ထွက်လုပ်လို့မရဘူး။ အဲ့ဒီဆန် ၃ပတ်စာကုန်တော့ အကုန်လုံး မလောက်မငှဖြစ်ကြရော။ အဲ့ဒါကြောင့် ဆန်ပြုတ်တွေကြိုပြီး သောက်နေကြ ရပါတယ်။ ထမင်းခြောက်တွေကို စားနေရပါတယ်” ဟုပြောသည်။

ကမ်းထောင်ကြီးစစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်၍ စစ်ဘေးရှောင်များ ဆန်ပြုတ်ကြီုသောက်နေရ

လူကယ်ပြန်မှ ဆန်ရိက္ခာလာပို့သည့်အခါ ဘုတ်အတွက် စရိတ်ပေးရသည့်အတွက် အဆိုပါစရိတ်ခအဖြစ် ၁ လစာ ရိက္ခာမှပေးရသည့်အတွက် စစ်ဘေး‌ရှောင်စခန်းတွင် ၁လစာအတွက် လုံလုံလောက်လောက်မရရှိခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်စခန်းအတွင်းရေးမှူး ဦးဝင်းလှအောင်ကပြောသည်။

“လူကယ်ပြန်က ဆန်ရိက္ခာလာပို့တဲ့အခါ သူတို့ဖက်က စရိတ်ကမပေးဘူး။ စရိတ်က မပေးတော့ ဘုတ်ခကို ကျွန်တော်တို့က ဒီရိက္ခာထဲကပဲပေးရတာ။ အဲ့ဒါကြောင့် ဆန် ၁ လစာမှာ ၃ ပတ်စာလောက်ပဲပေးနိုင်တာပေါ့”ဟုပြော သည်။

ကမ်းထောင်ကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၅၅ စု ၊ လူဦးရေ ၈၇၁ ဦးရှိအပြီး အမ်းမြို့နယ် ဒါးလက်၊ သရက်ပင်ချောင်း၊ ဆင်ဦးဒိုက်ကျေးရွာနှင့် မြေပုံမြို့နယ် လီစွန်၊ ဟင်းခ‌ရော်၊ ညောင်ကန်စသည့် ကျေးရွာများမှ အများဆုံးနေထိုင်ကြကြောင်းသိရသည်။

ရခိုင်ရှိ စစ်ဘေး‌‌ရှောင်စခန်းများကို ထောက်ပံ့ပေးနေသည့် WFP, ICRCတို့မှာလည်း ကိုဗစ်ကြောင့် ထောက်ပံ့မှု ရပ်တန့်နေသည့်အတွက် စစ်ဘေးဒုက္ခသည်များမှာပိုမိုအကြပ်အတည်းနှင့်ရင်ဆိုင်နေကြရသည်။

ရခိုင်ရှိ စစ်ဘေး‌ရှောင်စခန်းများမှ စစ်ဘေးဒုက္ခသည်များမှာ ကိုဗစ်ကာလ စားနပ်ရိက္ခာအကြပ်အတည်းများအပြင် လက်ရှိရေကြီးမှုများပါ ဆက်လက်ရင်ဆိုင်နေကြရသည်။

‌ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်များမှာ ၃ နှစ် နီးပါးခန့် ကြာသည့်တိုင် ကျေးရွာအနီး တပ်မတော်စခန်းများရှိနေမှုနှင့် မြေမြှပ်မိုင်းအန္တရာယ်များကြောင့် နေရပ်ကိုမပြန်နိုင်ကြခြင်းဖြစ်ကြောင်း Western News သတင်းမှတ်တမ်းများအရသိရသည်။

ရခိုင်ပြည်နယ်တွင် ‌‌မြောက်ပိုင်းမြို့နယ်များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့‌တောင် ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ ‌မြောက်ဦး၊ မင်းပြား၊ မြေပုံစသည့် မြို့နယ် တွင် စစ်ဘေး‌ရှောင်စခန်း ၁၀၀ ကျော်ခန့်ရှိ နေသေးပြီး စစ်ဘေးဒုက္ခသည်ဦး ရေမှာလည်း စခန်းတွင်း ၇၀၀၀၀ ကျော်ခန့်ရှိနေသးသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးစာရင်းအရသိရသည်။

https://www.facebook.com/westernnewsagency/posts/340213284451849

Leave a Reply

Your email address will not be published.