မြန်မာ-ဘင်္ဂလာနယ်စပ် ရခိုင်ဘက်အခြမ်းတွင် ကျေးရွာအများအပြားရေနစ်မြုပ်၊ ဆက်သွယ်ရေးများပြတ်တောက်နေ

By Narinjara/ 2021 July 27

သန္တာကျော်ဇော

မြန်မာ-ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး ရေလျှံ ဖြစ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်ခန့် ရေနစ်မြုပ် နေကြောင်းသတင်းရရှိသည်။

၎င်းပြင် ရွာပေါင်း ၃၀ ကျော် ဆက်သွယ် အသုံးပြုနေသည့် တံတား ၃ စင်းလည်း ရေစီးနှင့်အတူ မျောပါသွားကြောင်း သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက နိရဥ္စရာ သတင်းဌာနကို ယနေ့ ညနေပိုင်းက ပြောကြားသည်။

ရေကြီးမှုကြောင့် အန္တရာယ်ကျရောက်နိုင်သဖြင့် ကျေးရွာ ၅ ရွာမှ ရွာသားများကို မြေမြင့်နေရာရှိ ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရသည်ဟု ဆိုသည်။

သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက “ကျွန်တော်တို့ ရွာက အိမ်ခြေ ၁၈၁ အိမ်လောက်ကတော့ ရေကြီးတဲ့အထဲပါသွားပြီ။ အပျက်အစီးကိုတော့ လိုက်ပြီးစာရင်း ကောက်ဖို့ အခက်အခဲတွေ ရှိနေသေးတော့ သေချာမသိသေးဘူး။ ရေတက်နေတာကတော့ ၅ ပေကျော်ရှိမယ်။ ကျွန်တော်တို့ကို အစိုးရကဆောက်ပေးထားတဲ့ မြေညီအိမ်ထဲတွေကိုတောင် ဝင်လို့မရတော့ဘူး။ အခု ဝါးဖောင်လှေတွေ အသုံးပြုပြီးသွားနေရတယ်” ဟု ပြောသည်။

လောလောဆယ်တွင် စာရေးသောက်ရေး အခက်အခဲမရှိသေးကြောင်း၊ ရေကြီးသည့် အထဲတွင် ပါမသွားသည့် နေအိမ်များမှ ရိက္ခာများဖြင့် အသုံးပြုစားသောက်နေရသည်ဟု ဆိုသည်။

“ လောလောဆယ်မှာ ရေကြီးတဲ့ အထဲမပါသေးတဲ့ အိမ်အလုံး ၂၀ လောက်ရှိသေးတယ်။ အဲဒီအိမ်တွေမှာရော၊ ဘုန်းကြီးကျောင်းတွေမှာပါ စုပေါင်း ဝေမျှပြီးစားနေကြရတယ်။ ဘုန်းကြီးကျောင်းမှာ ရွေ့ပြောင်းပြီး နေကြရတယ်။ ရွာမှာတော့ လူဦးရေက ၁၂၁၄ ဦး ရှိတယ်။ လောလောဆယ် အဆင်ပြေနေသေးပေမဲ့ စုဆောင်းထားတဲ့ ဆန်ကအစ စားနပ်ရိက္ခာတွေအကုန် ရေထဲပါသွားတော့ နောက်တစ်ရက်နှစ်ရက်ဆိုရင် စားရသောက်ရအခက်အခဲ ရှိလာနိုင်တယ်။ နောက်ပြီး တံတား ၃ စင်းလည်းရေကြီးတဲ့အထဲပါသွားပြီး လုံးဝတောင်မမြင်ရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။

ရေကြီးမှုမှာ ယနေ့ နေ့လယ်ကထက် ညနေပိုင်းတွင် ပိုမြင့်တက်လာကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများလည်း ဒလဟော စီးဆင်းလာနေသဖြင့် ယခုထက်ပိုပြီး ရေကြီးလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ ညနေပိုင်းတွင် မီးတိုက်ကျေးရွာမှ အိမ်ခြေ ၄၀ ထပ်မံ၍ ရေမြုပ်သွားသဖြင့် မယူဒေသ သံဃာ့သမဂ္ဂအသင်းက ကူညီကယ်ဆယ်ပေးရန် ပြင်ဆင်နေကြောင်း မောင်တော ၆မိုင်ဆရာတော်က မိန့်ကြားခဲ့သည်။

“အခုညနေပိုင်းမှာဘဲ မီးတိုက်ကျေးရွာမှာ အိမ်ခြေ ၄၀ ရေကြီးတဲ့ အထဲပါသွားပြန်ပြီ။ လူ အသေ အပျောက်ကတော့ မရှိဘူး။ ဘုန်းကြီးကျောင်းမှာ နေရာပြောင်းရွေ့ထားတာ မြန်သွားလို့ပေါ့နော်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီထောက်ပံ့ ပေးတာတွေမရှိသေးဘူး။ ဒါပေမဲ့ မယူဒေသ သံဃာ့သမဂ္ဂအဖွဲ့ကတော့ ကူညီကယ်ဆယ်ပေးသွားဖို့ စီစဉ်နေကြတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ရေကြီးသည့်အထဲတွင် မျှောပါသွားသည့် တံတား ၃ စင်းမှာ တမန်းသားတံတား၊ လက်ယာချောင်း တံတား၊ ဘောက်ရွာတံတားတို့ဖြစ်ပြီး တမန်းသား တံတားသည် ယင်းအနီးအနားရှိ ကျေးရွာပေါင်း ၃၀ ကျော် ဆက်သွယ် သွားလာနေသည့် တံတားဖြစ်ကြောင်းလည်း သိရသည်။

ဇူလိုင်နောက်ဆုံးအပတ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေသဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ရေကြီးနေပြီး ရခိုင်ပြည်နယ်မှ သံတွဲ၊ ဂွ၊ တောင်ကုတ် မြို့နယ်များတွင်လည်း ရေကြီးမှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

https://www.facebook.com/narinjara.info/posts/4533210093357699

Leave a Reply

Your email address will not be published.