မြန်မာအတွက် အန္တရာယ်များသည့် ကမ်းလက်တစ်စုံ

By Development Media Group (DMG)/ July 19

၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး မော်စကိုကွန်ဖရင့်သို့ တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓာတ်ပုံ – AFP)

စောသန္တာအေး ဘာသာပြန်ဆိုသည်။

ရှည်မျောမျောဝတ်ရုံကြီး ဝတ်ဆင်ထားသည့် အရပ်တိုတို သက်ကြီးပိုင်း အာရှသားတစ်ဦး အနီးတွင် အရပ်ရှည်ရှည် တောင့်တောင့်ကြီး ရပ်နေသော ရုရှားအရာရှိတစ်ဦး၏ ဓာတ်ပုံများသည် မြန်မာဆိုရှယ်မီဒီယာ၌ ဇွန်လနှောင်းပိုင်းတွင် အထူးပျံ့နှံ့ခဲ့သည်။

အဆိုပါ ဘွဲ့ဝတ်ရုံကြီး ဝတ်ဆင်ထားသူမှာ တစ်ခြားသူမဟုတ်၊ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင်ဖြစ်သည်။ သူ၏ ဓာတ်ပုံနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် နားကလော်ဖွယ် မှတ်ချက်များ လှိုင်လှိုင်ထွက်ပေါ်ခဲ့သော်လည်း ရုရှားအစိုးရကတော့ သူ့ကို အတည်ပင် ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး ဆင်မြန်းထားသည့် ဝတ်ရုံသည် ရုရှားစစ်တက္ကသိုလ်မှ ဘွဲ့ဝတ်စုံဖြစ်ပြီး ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ သွားရောက်ခဲ့သည့် မော်စကို အလည်အပတ်ခရီးစဉ်အတွင်း ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ လက်ခံရယူစဉ် ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီး နောက်ဆက်တွဲ အသက်ကိုပါ အန္တရာယ်ရှိသည့် နှိပ်ကွပ်မှုများကို ဦးဆောင်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လူသိရှင်ကြားပင် ထုတ်ဖော် ထောက်ခံထားသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်သည်။

 “နှစ်နိုင်ငံအကြား တည်ဆောက်ထားတဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ယုံကြည်မှုအပေါ် အခြေခံတဲ့ နှစ်ဘက်ဆက်ဆံရေး ပိုမိုအင်အားကောင်းစေမယ့် အားထုတ်မှုတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂုက မြန်မာဗိုလ်ချုပ်မှူးကြီးနှင့် ဇွန်လ ၂၂ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“မြန်မာဟာ ကာလရှည်ကြာ သက်သေပြခဲ့ပြီးဖြစ်တဲ့ မဟာဗျူဟာမိတ်ဖက်နိုင်ငံ ဖြစ်သလို အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ယုံကြည်ရတဲ့ မဟာမိတ်လည်း ဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုကို ကျွန်တော်တို့ အထူးအလေးထားပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားကို “ထာဝရမိတ်ဆွေ” အဖြစ် ချီးကျူးခဲ့ကြောင်း ရုရှား ဒေသတွင်း သတင်းများအရ သိရသည်။

အနောက်အုပ်စုက ဒဏ်ခတ်အရေးယူမှုများ၊ လက်နက်ရောင်းချမှု တားမြစ်ခြင်းများ ဆောင်ရွက်နေစဉ် ရုရှားသည် မြန်မာစစ်တပ်ကို လက်နက်နှင့် အမာထည်ပစ္စည်းများ အဓိက ထောက်ပံ့သူများထဲတွင် ပါဝင်လျက်ရှိသည်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျူ့ (SIPRI) အရဆိုလျှင် မြန်မာသည် ၁၉၉၉ နှင့် ၂၀၁၈ အကြားတွင် ရုရှားထံမှ စစ်ဘက်ဆိုင်ရာ အမာထည်ပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲဖိုး ဝယ်ယူခဲ့သည်။ ဤပမာဏသည် ထိုကာလအတွင်း ရုရှားမှ လက်နက်တင်ပို့မှု စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းအထိ ရှိသည်။

ရုရှားမှ ဝယ်ယူထားသည့် စစ်လက်နက်ကိရိယာများတွင် Hind Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ MiG-25 ဂျက်တိုက်လေယာဉ်များနှင့် Yak-130 တိုက်ခိုက်ရေး လေယာဉ်များပါဝင်သည်။ ၎င်းတို့ကို ယခုအခါ ဝေဟင်မှဗုံးကြဲခြင်းများ သို့မဟုတ် ရှေ့တန်းဧရိယာများတွင် တိုင်းရင်းသား လက်နက်ကိုင်များအား ထိုးစစ်ဆင်ခြင်းများ၌ အသုံးပြုလျက်ရှိသည်။

ဒီမိုကရေစီအရေး ဆန္ဒပြလှုပ်ရှားခဲ့သူ အများအပြားသည် လက်ရှိအချိန်၌ နိုင်ငံတစ်ဝန်း မြို့ကြီးပြကြီးများတွင် စစ်တပ်၏ အသေအကြေ ဖြိုခွင်းမှုများကို တိမ်းရှောင်ရန်အတွက် တိုင်းရင်းသားဒေသများတွင် ခိုလှုံလျက်ရှိကြသည်။ ရုရှားလုပ် အမာထည်ပစ္စည်းများအား အသုံးပြုကာ ထိုးစစ်ဆင်မှုများသည် ထိုင်းနှင့် အိန္ဒိယနယ်စပ်များဆီ ဒုက္ခသည်များ စီးဝင်နေသည့် ဒေသတွင်း လူ့အခွင့်အရေး အကျပ်အတည်းသစ် တစ်ရပ်ကို ပါဝင်ဖန်တီးနေခြင်း ဖြစ်သည်။

တပ်မတော်အတွက်ဆိုလျှင်မူ ရုရှားနှင့် ကတိကဝတ်များသည် တရုတ်အပေါ် ကာလတာရှည် မှီခိုအားထားခဲ့မှုကို လျှော့ချရေးအတွက် ပိုမိုကျယ်ပြန့်သည့် မူဝါဒ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

ရုရှားအစိုးရပိုင် ရုရှားလေကြောင်းကော်ပိုရေးရှင်း (Russian Aircraft Corporation MiG) သည် လက်နက်ရောင်းချရေး လွယ်ကူချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် ၂၀၀၆ ခုနှစ်တည်းက ရုံးခန်းဖွင့်လှစ်ခဲ့သည်။ အဆိုပါကော်ပိုရေးရှင်းအား ယခုအခါ United Aircraft Corporation အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းထားသည်။

မြန်မာဘက်မှ ယခုကဲ့သို့ ဝယ်ယူမှုများ မြင့်တက်လာခြင်းနှင့်အတူ ရုရှားအစိုးရသည် ပြီးခဲ့သောနှစ်များအတွင်း မြန်မာစစ်သည် အရေအတွက် ထောင်ဂဏန်းအထိကို စစ်သင်တန်းများပေးခြင်း၊ တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။

သို့သော် တပ်မတော်နှင့် နီးစပ်သည့် ဆက်ဆံရေးကို ယခုထက်ပို ရှေ့ဆက်တိုးလိုသည့် မော်စကို၏ ရည်ရွယ်ချက်သည် လက်နက်ရောင်းချမှုမှ အကျိုးအမြတ် ရရုံ၊ စစ်သင်တန်းကြေး ရရုံထက် အများကြီးပိုကြောင်း လေ့လာသူများနှင့် ကျွမ်းကျင်ပညာရှင်များက ပြောကြသည်။

“နိုင်ငံရေး အကျပ်အတည်းတွေမှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျတဲ့ ဖြေရှင်းချက်တွေ ရရှိရေးအတွက် အနောက်အုပ်စုရဲ့ အားထုတ်မှုတွေကို ရုရှားဘက်က တောက်လျှောက် ပွဲဖျက်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသလိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပထဝီနိုင်ငံရေး မျှော်မှန်းချက်တွေနဲ့ ဒီကိစ္စက ကွက်တိကျနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သြစတြေးလျအခြေစိုက် လေ့လာသူ ဟန်းတားမာစတန် (Hunter Marston) က ဒေသတွင်း သတင်းတစ်ပုဒ်တွင် ဖြေထားသည်။

ဤလုပ်ရပ်သည် ရုရှားက ပိုမိုကြီးမားသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် ဒေသတွင်း မဟာဗျူဟာကျကျ ခြေကုပ်မှုရရှိရေး၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဓာတ်ပုံ – The Global New Light of Myanmar)

အရှေ့တောင်အာရှ၌ တစ်ချိန်က အင်အားကြီးတစ်ရပ်  ဖြစ်ခဲ့ဖူးသည့် ဆိုဗီယက်ပြည်ထောင်စုသည် ဗီယက်နမ်၊ လာအိုအပြင် ၁၉၇၈-၉ ၌ ဖြစ်ပွားခဲ့သည့် ဗီယက်နမ်ကျူးကျော်မှု အပြီးတွင် ကမ္ဘောဒီးယားတို့ရှိ ကွန်မြူနစ်အစိုးရများနှင့် အနီးကပ် မဟာမိတ်ဆက်ဆံရေးမှာ ထူထောင်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုသည် ကွန်မြူနစ်မဟုတ်သည့် အိန္ဒိယနိုင်ငံနှင့်လည်း ခိုင်မာသော မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး ရှိခဲ့ပြီး လက်ရှိအထိ ခိုင်မြဲဆဲဖြစ်သည်။

၁၉၉၁ ၌ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားနိုင်ငံသည် သမ္မတ ဘောရစ်ယဲ့ဆင်လက်အောက်တွင် ၈ နှစ်ကြာ ကသောင်းကနင်း ဖြစ်နေခဲ့သည်။ ဒေသတွင်း မော်စကို၏ သြဇာလည်း မြန်မြန်ဆန်ဆန်ပင် ကျဆင်းသွားခဲ့သည်။

သို့သော် ဗလာဒီမာပူတင်၏ အာဏာရှင်ဆန်သည့် အစိုးရသည် ယိုင်လဲနေသည့် ထိုဆက်ဆံရေးများအား ဖြည်းဖြည်းချင်း တိကျသေချာစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ အထူးသဖြင့် လက်နက်ရောင်းချမှု သဘောတူညီချက်များ မှတစ်ဆင့် ဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့အာဏာသိမ်းမှုကိုလည်း မြန်မာနိုင်ငံတွင်း အနောက်အုပ်စု၏ အင်အားကို အစားထိုးကာ ဝင်ရောက်လွှမ်းမိုးနိုင်မည့် ကိုယ်ကျိုးစီးပွား အခွင့်အလမ်းအဖြစ် ရုရှားအစိုးရက ရှင်းရှင်းလင်းလင်း မြင်ထားပြီး ဖြစ်သည်။

သတိပြုရမည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇွန်လ အလည်အပတ် ခရီးသည် ပထမဆုံး ရုရှားခရီးစဉ် မဟုတ်ပေ။ ၂၀၁၃ ခုနှစ် ဇွန်လတွင် သူသည် ရွှိုင်ဂု၏ ဖိတ်ကြားချက်အရ လက်နက်ရောင်းချမှု သဘောတူညီချက်များ၊ ထိုစဉ်ကအသုံးအနှုန်း ‘အပြန်အလှန်အကျိုးစီးပွား ကိစ္စရပ်များ’ အတွက် ရုရှားသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

၂၀၁၆ ခုနှစ်က ထပ်မံသွားရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း ရုရှားနှင့် မြန်မာသည် ‘မြန်မာနှင့် ရုရှား တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်မှုကို ဖြစ်နိုင်ခြေ အားလုံးဖြင့် အားဖြည့်ပေးမည့် ပစ္စည်းကိရိယာများ အလုံအလောက် ရရှိစေနိုင်သည့်’ ‘ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး’ အတွက် လမ်းကြောင်းဖော်ဆောင်ပေးမည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြသည်။

ထိုနှစ်တွင်ပင် ကျင်းပခဲ့သည့် ရွှိုင်ဂုနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှု တစ်ရပ်တွင် ရုရှားစစ်ဦးစီးချုပ်က ဤသဘောတူညီချက်၏ အရေးပါပုံကို ‘ရုရှားစစ်သင်္ဘောတွေ မြန်မာ့ဆိပ်ကမ်းတွေဆီ အလည်အပတ် သွားရောက်မှုကို ကျွန်တော်တို့ အထူးအားစိုက်ထားပါတယ်၊ မြန်မာစစ်သင်္ဘောတွေ ရုရှားဆီ လာရောက် လည်ပတ်ဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်’ ဟု အထူးအလေးထား ပြောကြားခဲ့သည်။

ဤခရီးစဉ်များနှင့် သဘောတူညီချက်များသည် ၂၀၁၀ အစောပိုင်းတွင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်သည့် အရပ်သားကပြားအစိုးရက ရုရှားသို့ စစ်သင်တန်းသားများ စေလွှတ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ချိန်၌ ခဏတာ ယာယီကျဆင်းခဲ့သည့် နှစ်ဘက်ဆက်ဆံရေးကို တစ်ကျော့ပြန် မြင့်တက်စေခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ကြေညာချက်သည် ထိုစဉ်က မူဝါဒဖြစ်သည့် အနောက်နှင့် ဆက်ဆံရေးဖွင့်လှစ်ရန်နှင့် ကြားနေ နိုင်ငံခြားရေးမူဝါဒကို ပိုမိုပြသရန်တို့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ဤမူဝါဒသည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ချိန် ၂၀၁၂ နိုဝင်ဘာ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

တကယ်တမ်း လက်တွေ့တွင်မူ မြန်မာစစ်သည်များအား ရုရှားရှိ Omsk သံချပ်ကာယန္တရားကျောင်း၊ မော်စကိုရှိ လေတပ်အင်ဂျင်နီယာ သင်တန်းကျောင်းနှင့် Nizhniy Novgorod ကွပ်ကဲရေးကျောင်းတို့ အပါအဝင် စစ်သင်တန်းကျောင်းများနှင့် စစ်ရေးလေ့ကျင့်မှု အများအပြားတွင် မြင်နေရဆဲ ဖြစ်သည်။

အချို့ဆိုလျှင် ရုရှားလေတပ်တွင် ဗိုလ်လောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကြားသိရသည်။ ၎င်းတို့သည် တပ်မတော်က ဝယ်ယူထားသည့် MIG ဂျက်တိုက်လေယာဉ်များ အတွက် ပျံသန်းရေး အတွေ့အကြုံများ ရရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်ပုံရသည်။

အပျော့အင်အားဘက်တွင် ဆိုလျှင်လည်း ရုရှားဘာသာစကား သင်တန်းများကို ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၌ စတင်မိတ်ဆက်ခဲ့သလို ရုရှားယဉ်ကျေးမှု လေ့လာရေးစင်တာ တစ်ခုကိုလည်း ရန်ကုန်တွင် ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။

ထည့်တွက်စရာရှိသည်မှာ ရုရှားသည် မြန်မာတစ်နိုင်ငံတည်းကို လက်နက်ထောက်ပံ့နေခြင်း မဟုတ်သည့်အချက် ဖြစ်သည်။ မော်စကိုသည် အရှေ့တောင်အာရှ နိုင်ငံများအကြား သူ့ဘက်ကိုယ့်ဘက် လက်နက်အပြိုင်အဆိုင် ဝယ်ယူမှုများတွင် မီးလောင်ရာလေပင့် လုပ်နေခဲ့သည်မှာ ကာလကြာခဲ့ပြီ ဖြစ်သည်။

စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူ့ (Institute of Southeast Asian Studies) ၏ အချက်အလက်များအရ ဆိုလျှင် ဗီယက်နမ်သည် ၎င်း၏ လက်နက်အများစုကို ရုရှားထံမှ ဝယ်ယူခြင်း ဖြစ်ကြောင်း သိရသည်။ ၁၉၉၅ နှင့် ၂၀၁၉ ခုနှစ်အကြား ဗီယက်နမ်၏ လက်နက်ဝယ်ယူမှုသည် အမေရိကန်ဒေါ်လာ ၇.၃၈ ဘီလျံဖိုးအထိ မြင့်တက်ခဲ့သည်။ ဤပမာဏသည် ရုရှားမှ လက်နက် တင်ပို့ရောင်းချမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းဖြစ်သည်။

ကာကွယ်ရေးအသုံးစရိတ် အကန့်အသတ်ဖြင့်သာ ရရှိသည့် လာအိုနိုင်ငံ ဆိုလျှင်လည်း ရုရှားထံမှ တင့်ကားများနှင့် ရဟတ်ယာဉ်များကို ၂၀၀၀ နှင့် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၂ သန်းဖိုးအထိ ဝယ်ယူခဲ့သည်။

မလေးရှားနှင့် အင်ဒိုနီးရှားတို့ ဆိုလျှင် ရုရှားထံမှ တိုက်လေယာဉ်များနှင့် အခြားသော စစ်ဘက်သုံး အမာထည်ပစ္စည်းများ ဝယ်ယူထားသည်။ ထိုင်း-ရုရှား မဟာဗျူဟာဆက်ဆံရေးသည် ထိုင်းစစ်တပ်နှင့်သာမက စစ်တပ်လွှမ်းမိုးသည့် အုပ်ချုပ်ရေးနှင့်ပါ တိုးတက်လျက်ရှိသည်။

သို့သော်လည်း ပိုမိုကျယ်ပြန့်သည် ပထဝီမဟာဗျူဟာ ရှုထောင့်ဖြင့် ကြည့်လျှင် ရုရှားနှင့်မြန်မာအကြား တက်သစ်စဆက်ဆံရေးသည် လက်နက် ရောင်းရရုံထက် ပိုမိုကျော်လွန်သည်ကို ရုရှား စစ်တပ်၏ ထုတ်ပြန်ချက်များက ညွှန်ပြနေသည်။

မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနား၌ ရုရှားကာကွယ်ရေး လက်ထောက်ဝန်ကြီး အယ်လက်ဇန်းဒါး ဗာဆီယက်ဗစ် ဖိုမင်ကိုယ်တိုင် ဝတ်စုံပြည့်ဖြင့် တက်ရောက်မှုသည် ရှေ့ဆက် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ရှိဦးမည်ကို ထင်ထင်ရှားရှား ပြသနေခြင်းပင် ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု မတိုင်မီနေ့က ရုရှားနှင့် မြန်မာ စစ်ဘက်အရာရှိ တစ်အုပ်စုသည် ရန်ကုန်တွင် ပါတီပွဲတစ်ခု ကျင်းပခဲ့ပြီး ဗော့ဒကာများ အလျှံအပယ် စီးခဲ့သည်။

စစ်ဘက်ဆိုင်ရာ နည်းပညာမြင့် မာတီမီဒီယာ သင်ကြားရေးနေရာသစ်တစ်ခုကို ပူးတွဲဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် အဆိုပါ ပါတီပွဲ ကျင်းပကြခြင်းဟု အများကယူဆကြသည်။ ထိုသင်ကြားရေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးများ၏ ဘဏ္ဍာရေးအကျိုးအမြတ်လည်း ပါဝင်သည်။

သို့သော် သူတို့သည် နောက်နေ့ အကောင်အထည် ဖော်တော့မည့် အာဏာသိမ်းပွဲအတွက်၊ နှစ်ဘက်အကြား ဒေသတွင်း ပါဝါချိန်ခွင်လျှာကို ပြန်ညှိနေသည့် မဟာဗျူဟာမြောက် ဆက်ဆံရေးခေတ်သစ် စတင်တော့မည့်နေ့ အတွက် အောင်ပွဲခံခြင်းလည်း ဖြစ်နိုင်ပေသည်။

သစ်လွင်ပြီး ပိုမိုအားကောင်းသည့် ရုရှားပုံစံသစ်တစ်ရပ်သည် ဒေသတွင်း၌ ထင်သာမြင်သာ ပြန်ဝင်လာပြီ ဖြစ်ကာ မြန်မာသည် ထိုပုံစံသစ်အတွက် မဟာဗျူဟာမြောက် ဝင်ပေါက် ဖြစ်ပေသည်။

စောသန္တာအေး
(Asia Times သတင်းဌာနက ဖော်ပြသည့် ဆောင်းပါးရှင် Bertil Lintner ၏ Russia lends Myanmar a lethal helping hand ကို မြန်မာပြန်ဆိုပါသည်။)

https://www.facebook.com/dmgnewsagency/posts/2064687907016943

Leave a Reply

Your email address will not be published.