မောင်တော၌ ကိုဗစ်လူနာ များလာသော်လည်း ဌာနဆိုင်ရာမှ အလေးမထား ဟုဆို

By Irrawaddy/ 2021 July 14

မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကိုတွေ့ရစဉ် / ဧရာဝတီ

ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်း ပိုးတွေ့လူနာများ တနေ့ထက်တနေ့ များပြားလာသော် လည်း ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်မှု အားနည်းကြောင်းပြီး၊ အလေးထားမှု မရှိကြောင်း ဒေသခံအရပ်ဘက် လူမှုအဖွဲ့ အစည်းများက ပြောဆိုကြသည်။

မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ လူပေါင်း ၃၁၉ ဦး အထိရှိကာ သေဆုံးသူ ၅ ဦးနှင့် လက်ရှိ ဆေးကုသမှု ခံယူ နေသူ ၁၄၀ ကျော်ရှိကြောင်း မောင်တော ကျန်းမာရေးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းမျာမှ ကိုဗစ်အရေး ဆောင်ရွက်နေ သူများက ပြောသည်။

ကိုဗစ်အရေး ဆောင်ရွက်နေသည့် မောင်တော ဂရုဏာကွန်ရက်မှ ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က “ပိုးတွေ့တဲ့ အခြေအနေကတော့ တော်တော် များလာနေတယ်။ စိုးရိမ်စရာလည်း ဖြစ်လာတယ်ဗျ။ ဒါပေမယ့် ဌာဆိုင်ရာတွေ ပူးပေါင်း ပါဝင်မှုက တော်တော် အားနည်းတယ်။ လူနာတွေများလို့ ယာယီအဆောင်တွေ ဆောက်ဖို့ တင်ပြတယ်။ သူတို့ အချိန်မီ လာပြီး မကူညီဘူး။ နယ် စပ်ကုန်သွယ်ရေးကို ပိတ်ပါဆိုလည်း သူတို့ အလေးမထားဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်း တနေ့တခြား ပိုးတွေ့သူ များပြားလာနေသလို နေအိမ်အတွင်း အသွားအလာ ကန့်သတ်ခံထား ရသူ မိသားစုဝင်များမှာလည်းမှာလည်း အစားအသောက် ထောက်ပံ့ပေးသူများ မရှိသည့်အတွက် အခက်ကြုံတွေ့နေရ ကြောင်း မောင်တောမြို့ခံ ဦးကိုလတ်ထွန်း က ဆိုသည်။

၎င်းက “ပိုးတွေ့သူတွေနဲ့ ထိတွေ့တဲ့ မိသားစုတွေကို Home Quarantine ထားတယ်။ သူတို့ ဘယ်မှလည်း မသွားရဘူး။ အပြင်လည်း ထွက်မရဘူး။ အဲဒီ လူတွေကို အရင်တုန်းကလို ကူညီပေးတဲ့အဖွဲ့လည်း မရှိဘူး။ အဲဒီအတွက် တချို့ဆို နေ မကောင်းလည်း ဆေးရုံကို သွားမပြတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆေးသောက် ဆေးစားနေတဲ့ လူတွေ အများကြီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်း ထိုသို့ ကိုဗစ်ကူးစက်မှု များပြားလာခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်စည်ပို့ဆောင်သည့် နယ် စပ်ကုန်သွယ်ရေးကို အချိန်မီ မပိတ်ဘဲ ပြန်လာသော စက်လှေသမားများမှ တဆင့် ပိုးကူးစက်မှု ရှိသလို ပြည်မမှ လာ သောကုန်ကားသမားများနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများမှတဆင့် ပိုးကူးစက်မှု မြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ယူဆကြသည်။

ထိုသို့ မောင်တောမြို့နယ်အတွင်း ပိုးတွေ့လူနာတချို့မှာ အရေးပေါ် ကြပ်မတ် ကုသဆောင်သို့ ပို့ဆောင်ပြီး ဆေးကုသမှု များ လုပ်ဆောင်နေရသည့်အတွက် လက်ရှိ အခြေအနေတွင် အောက်ဆီဂျင်ဗူးများ လိုအပ်လျက် ရှိကြောင်းလည်း မောင် တော ဆေးရုံ အုပ်ကြီး ဒေါက်တာ နုကေသီစံက ပြောသည်။

မောင်တော ပိုးတွေ့လူနာများတွင် ကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် မြို့ခံများနှင့် မွတ်စလင် ကျေးရွာသားများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းသို့ ပိုးတွေ့လူနား များပြားလာသည့်အတွက် မြို့ပေါ်တွင် ယာယီ ဆေးကုသဆောင် ၂ ဆောင် ပြုလုပ်ကာ ကုသမှုများ လုပ်ဆောင်နေရကြောင်းလည်း ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

အလားတူ စစ်တွေမြို့နယ်အတွင်းလည်း ယနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် ပိုးတွေ့ လူနာ ၁၇ ဦး ရှိရာ လက်ရှိ စစ်တွေ ပြည် သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ ၉၁ ဦးအထိ ရှိကြောင်းလည်း သိရသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြည်နယ်အတွင်း ပိုးကူးစက်မှု မှာ စစ်ကောင်စီထုတ်ပြန်သည့်အရေအတွက်ထက် မြေပြင်အတွင် ပိုမိုများပြားနိုင်သည့် အခြေအနေရှိကြောင်း ပြောသည်။

၎င်းက “တချို့က ဆေးရုံမလာကြတော့ဘူး။ အိမ်မှာပဲ ကြိတ်ပြီး ကုနေတာ ရှိတယ်။ ဌာနတွေအနေနဲ့လည်း ကိုဗစ်နဲ့ ပတ် သက်ပြီး အလေးထားမှု မရှိဘူး။ ကျနော်တို့က နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို အစကနည်းက ပိတ်သင့်တယ်လို့ အမြဲ ပြောတယ်။ သူတို့ အလေးမထားဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်သည့် စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ကိုဗစ် တတိယလှိုင်း အစပျိုးကတည်းက အရပ်ဘက် အဖွဲ့အစည်းများ ပိတ်သိမ်းရန် တိုက်တွန်းသော်လည်း စစ်ကောင်စီက လိုက်လျောမှု မရှိခဲ့ပေ။

ယင်း နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ဇူလိုင်လ ၁၅ ရက်မှနေ ၃၁ ရက် အထိသာ ယာယီရပ်ထားရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း ကိုဗစ်ကူးစက်မှု ပြန့်ပွားခဲ့ပြီ ဖြစ်သည့်အတွက် အချိန်မှာနောက်ကျသွားပြီ ဖြစ်ကြောင်း ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ထောက်ပြသည်။

ကျောက်ဖြူမြို့နယ်တွင်းလည်း ကိုဗစ်ကူးစက်မှုများ ရှိလာကာ ဇူလိုင်လ ၁၁ ရက်က လမ်းဦးစီးဌာနမှ အရာရှိတဦး ကိုဗစ် ကြောင့် သေဆုံးခဲ့သလို ဇူလိုင်လ ၁၂ ရက်ကလည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အဆင့်ရှိသူ ရဲအရာရှိတဦး သေဆုံးခဲ့ ကြောင်း ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များထံက သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလိုင်းတွင် ပိုးတွေ့သူ လူပေါင်း ၁၀၀၀ ကျော်အထိ ရှိလာကာ သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီ ဖြစ်သည်။

https://www.facebook.com/theirrawaddyburmese/posts/4671322202911895

Leave a Reply

Your email address will not be published.