မောင်တောသို့ ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့်လဝက ၉၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ

By Narinjara/ 2021 July 1

ချစ်အိလှိုင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ ရောက်ရှိလာသည့် လဝက နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် ၄င်းတို့၏ မိသားစုဝင် စုစုပေါင်း လူ ၉၃ ဦးတို့တွင် ယနေ့ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ ဇွန် ၂၈ ရက်နေ့ ပြောင်းရွှေ့ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ က “ နယ်ခြားစောင့်တွေပါ။ လဝက ကလည်း ပါတယ်။ အကုန်လုံး ၉၃ ယောက်ပါ။ မြို့နယ်အသီးသီးက ပါတယ်။ ပြည်မဖက်ကလာကြတဲ့လူတွေပါတယ်။ သူတို့ကို သူတို့ရဲ့ဌာနဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာ ထားပါတယ်” ဟုပြောသည်။

ယင်းအထဲတွင် ဇွန်လ ၂၈ ရက်နေ့တွင် သီးသန့် ကမ်းထိုးရေယာဉ်ဖြင့် မောင်တောသို့ ရောက်ရှိလာသည့် ဝန်ထမ်းအသစ်များလည်း ပါဝင်ကြောင်းသူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တောရဲစခန်းမှူးမြင့်ကျော်ဦးက ၄င်းတို့မှာ လဝက ဝန်ထမ်း ၂ ဦး၊ နယ်ခြားစောင့်ဝန်ထမ်းနှင့် မိသားစုဝန် ၉၁ ဦးတို့ဖြစ်ကြကြောင်း အတည်ပြုပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့် သံတွဲတို့မှ ကိုဗစ်လူနာ ၂ဝဝ ကျော်အထိ ရှိလာနေသည်။

https://www.facebook.com/narinjara.info/posts/4456910824320960

Leave a Reply

Your email address will not be published.