By Western News/ 2021 July 28
မောင်တော မြောက်ပိုင်း ခမောင်းဆိပ်နှင့် ယနေ့ဘူးသီးတောင် မြို့နယ် တောင်ဘူဇာတိုက်နယ်ဆေးရုံ၊ တောင်ဘူဇာရွာသစ် မိုးရေလွှမ်းမှု အခြေအနေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ဖက်ပိုင်းကျေးရွာများတွင် ယမန့်နေ့ ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။
ရေလွှမ်းမိုးမှုခံရသည့်ကျေးရွာများမှာ ဗန္ဓုလကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ တမန်းသားကျေးရွာ၊ သစ်တုံးနားခွဆုံကျေးရွာ၊ ရေနောက်ငါးသားကျေးရွာ၊ မီးတိုက်ကျေးရွာနှင့် ခမောင်းဆိပ်မြို့တို့ဖြစ်သည်။
မီးတိုက်ကျေးရွာတွင် ကျေးရွာသားများကို ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ပြောင်းရွှေ့ထားရပြီး တိရစ္ဆာန်များအပါအဝင် လူနေအိမ်နှစ်လုံးနှင့် စပါးတောင်း ၁၅၀ ခန့်ပျက်စီးဆုံးရှုံခဲ့ကြောင်း မီးတိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက Western News ကိုပြောသည်။
“အများကြီးဆုံးရှုံးမှုရှိတာက တိရစ္ဆာန်တွေပါပဲ။ ဆိတ် ၃၂ နှစ်ကောင်၊ နွား ၂ ကောင်၊ ဝက် ၁၁ ကောင်၊ ပြီးတော့ ကြက်အကောင် ၁၀၀ ကျော်လောက်ဆုံးရှုံးသွားတယ်။ ကြက်တွေကတော့ စီးပွားဖြစ် ခြံနဲ့မွေးမြူထားတာတော့မဟုတ်ဘူး။ အိမ်တွေမှာမွေးထားတဲ့ကြက်တွေ၊ ရေထဲမျှောပါသွားတာဖြစ်နိုင်တယ်။ ပြီးတော့ စပါးတောင်း ၁၅၀ လောက် ရေစိုသွားတယ်။ နေအိမ် ၂ လုံး ပျက်စီးသွားတာရှိတယ်။ အမိုးအကာတွေပေါ့။ ရေထဲမျောပါသွားတယ်”ဟုပြောသည်။
သစ်တုံးနားခွဆုံကျေးရွာတွင်လည်း ရေနစ်မြုပ်ခဲ့မှုကြောင့် အိမ်ထောင်စု ၁၈၁ စုအား ဘုန်းကြီးကျောင်းနှင့် ရေမနစ်မြုတ်သည့် နေအိမ်များကိုပြောင်းရွှေ့ထားရပြီး သိုလှောင်ထားသည့်စပါးများအပါအဝင် တိရစ္ဆာများဆုံးရှုံးမှုရှိပြီး စာရင်းကောက်ယူနေဆဲဖြစ်၍ အတိအကျကိုပြော၍မရသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ပြောသည်။
“ရေနစ်မြုပ်တဲ့ အိမ်ထောင်စု ၁၈၁ စုကို ဘုန်းကြီးကျောင်းနဲ့ ရေမနစ်မြုပ်တဲ့နေအိမ်တွေကိုပြောင်းရွှေ့ထားတယ်။ စားဝတ်နေရေးကတော့ ရွာသားတွေကပဲဝေငှပြီးတော့ ပေးထားတယ်။ နေအိမ်သုံးပစ္စည်းတွေရေနဲ့မျောပါသွားတာတွေရှိတယ်။ ပြီးတော့ နွားတွေ ပျောက်ဆုံးသွားတာရှိတယ်။ စပါးတွေလည်း နစ်မြုပ်ပြီးတော့ ရေစိုသွားတာရှိတယ်။ အတိအကျကိုတော့ပြောလို့မရသေးဘူး။ စာရင်းကောက်ယူနေဆဲဖြစ်တယ်။ နေအိမ်တွေပျက်စီးတာတော့မရှိဘူး”ဟုပြောသည်။
ယင်းအပြင် သစ်တုံးနားခွဆုံကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော် သွားလာအသုံးပြုနေသည့် လကျာ်ချောင်း (လက်ယာချောင်း) သစ်သားတံတားမှာလည်း ရေစီးကြမ်းမှုကြောင့် ရေထဲမျောပါသွားခဲ့ပြီး သွားရေးလာရေးတွင် အခက်အခဲရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။
အဆိုပါကျေးရွာများကို လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်ပြုလုပ်ခြင်းမရှိသလို ကယ်ဆယ်ရေးပစ္စည်းများလည်းထောက်ပံ့ခြင်းများမရှိကြောင်းလည်းသိရသည်။
မောင်တောမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးကြမ်းမှုကြောင့် လကျာ်ချောင်း (လက်ယာချောင်း)တံတားအပါအဝင် ဝက်ကျိန်းတံတား၊ ဘောက်ရွာတံတားနှင့် တမန်းသားတံတားတို့မှာလည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။
https://www.facebook.com/westernnewsagency/posts/338973694575808