မောင်တောမြို့တွင်တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံကော်မတီ ဘာသာပေါင်းစုံကလူများဖြင့်ဖွဲ့စည်း

By Narinjara/ 2021 July 18

ဆောင်းဇာခြည်၊ အောင်ဇံ

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လူမျိုးမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်ဆီဂျင် စက်ရုံတစ်ခုကို တည်ဆောက်ရန် စီစဉ်နေပြီး ၎င်းစက်ရုံ ဖြစ်မြောက်ရေးကော်မတီကိုလည်း ဘာသာပေါင်းစုံမှ လူများဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။

မောင်တောအောင်ဆီဂျင်ဆေးရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က “ကျွန်တော်က ဒါကို အကုန်လုံးက ပါဝင်လုပ်ဆောင်မှရမယ်။ ဒီမှာ နေထိုင်ကြတဲ့ လူမျိုးဘာသာမရွေး၊ ဘာသာမရွေး အသုံးပြုနိုင်အောင် ရည်ရွယ်ပါတယ်။ ဒီမှာ အများအားဖြင့်နေထိုင်တာက ရခိုင်၊ ဟိန္ဒူ၊ မူဆလင်ပေါ့။ အားလုံးပူးပေါင်းပါဝင်လုပ်ကိုင်မှ ဒီနေရာမှာ ဒီလိုမျိုး အဆင်ပြေမယ်ဆိုပြီး ကျွန်တော်လုပ်ကြတာပါ။ စက်ကတော့ မှာထားပါပြီ။ ၄၅ ရက်အတွင်း ရောက်လာတော့မှာပါ” ဟု ပြောသည်။

မောင်တောမြို့ Oxygen Plant ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သူများမှာ ဆရာမောင်အုန်းကြည်၊ ဦးထွန်းလှစိန်၊ ဦးအဘူတာလတ်၊ ကိုသန်းနိုင်၊ ကိုကော်ဖီလ်၊ ဦးလှမြင့်၊ ကိုဆနာမူလ္လာ(ခ) အောင်ကျော်စိုး၊ ကိုအာဘူး၊ ကိုဖြိုးလင်းကျော်၊ကိုအီနိုစ့် (Ruby)၊ ကိုစည်သူမျိုးနှင့် ကိုချစ်ထူးခိုင်တို့ပါဝင်သည်။

မောင်တောတွင် တည်ဆောက်သည့် အောက်ဆီဂျင် စက်ရုံကို ရခိုင်၊ ဟိန္ဒူ၊ မူဆလင် လူမျိုးသုံးမျိုး အပါအဝင် လိုအပ်သည့် မည်သူ့ကိုမဆို အောက်ဆီဂျင်ဘူးများ ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။

လက်ရှိတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ယင်းစက်ရုံတွင် တစ်နေ့ကို အောက်ဆီဂျင် အလုံး ၈၀ မှ ၁၂၀ လုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့မှာ အရင်ကတည်းက မောင်တောဆေးရုံမှာ အောက်ဆီဂျင်စက်ရုံရှိတယ်ပေါ့။ ဒါပေမဲ့ အဲဒီစက်က ငယ်တော့ တစ်နေ့ကို သုံးလုံးလောက်ပဲ ထုတ်ပေးနိုင်တယ်။ အဲဒါကြောင့် အဲဒီနေရာမှာ စက်သစ်ဝယ်ပြီး ထပ်လုပ်မှာပါ” ဟု၎င်းက ဆိုသည်။

မောင်တော Oxygen Plant အတွက် ခန့်မှန်း ကုန်ကျစရိတ်မှာ သိန်း ၁၂၀၀ ခန့်ရှိပြီး တနေ့လျှင် အောက်စီဂျင် 40L ဘူး ၈၀နှင့် ၁၂၀ ထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုအချိန်အထိ စေတနာရှင်များက ကူညီလှူဒါန်းသောငွေမှာ ကျပ်သိန်း ၈၀၀ ကျော်ခန့် ရရှိထားပြီ ဖြစ်ကြောင်း၊ နောက်ထပ် အလှူငွေများ ဆက်သွယ်လှူဒါန်းလိုပါက ကိုဖြိုးလင်းကျော် (09262943292)၊ ကိုသန်းနိုင် (095414964)၊ ကိုအီနိုစ့်( Ruby) (098520278) တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း မြို့နယ်အလိုက် တက်ကြွလှုပ်ရှားသူများက သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ ကျောက်တော်၊ မာန်အောင်၊ အမ်း၊ မောင်တော စသည့်မြို့နယ်အများအပြားတွင် အောက်ဆီဂျင် စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်ရန် ကြိုးပမ်းလျှက်ရှိကြပြီး ယင်းမြို့နယ်များထဲမှ အချို့မြို့နယ်များ၌ အောက်ဆီဂျင်စက်ရုံများ စတင်တည်ဆောက်နေကြပြီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4507834779228564

Leave a Reply

Your email address will not be published.