By Development Media Group (DMG)/ July 12
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဇူလှိုင်လ ၁၁ ရက်က လူလေးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရာ ယင်းထဲတွင် မောင်တောခရိုင်ဆေးရုံဝင်းထဲ၌ နေထိုင်သည့် ဆရာဝန်တစ်ဦးပါဝင်ကြောင်း ကျန်းမာရေးဌာန၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။
မောင်တောသို့ တာဝန်ထမ်းဆောင်ရန် လာရောက်ကြသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထံတွင် COVID-19 ရောဂါကူးစက်မှု အများဆုံးတွေ့ရှိနေရပြီး ရခိုင်ပြည်နယ်တွင် မောင်တောသည် COVID-19 ရောဂါကူးစက်မှုနှင့် သေဆုံးမူ အများဆုံးဖြစ်နေကြောင်း သိရသည်။
ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက “COVID တတိယလှိုင်းမှာ ရောဂါပိုးတွေ့ရှိသူတွေထဲမှာ ပြည်မက တာဝန်ထမ်းဆောင်ဖို့လာတဲ့ နယ်ခြားစောင့်တွေဆီကနေ ရောဂါပိုးတွေ့ရတာကပိုများနေတယ်” ဟု ပြောကြားသည်။
COVID-19 ရောဂါ တတိယလှိုင်းကူးစက်မှုကာလအတွင်း မောင်တောခရိုင်တွင် ပိုးတွေ့သူ ၃၀၀ ကျော်အထိ ရှိလာပြီး သေဆုံးသူ ငါးဦးအထိရှိလာကြောင်း၊ လက်ရှိတွင် ဆေးရုံ၌ ပြင်းထန်လူနာ ငါးဦးခန့်ရှိကြောင်း သိရသည်။
“လက်ရှိမောင်တောခရိုင်ဆေးရုံမှာ ပြင်းထန်လူနာ ၄/၅ ဦးရှိပါတယ်” ဟု ဒေါက်တာ နုကေသီစံကပြောကြားသည်။
မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ကမ်းထိုးရေယာဉ်နှင့်ရောက်ရှိ လာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထဲမှ ၃၀၀ ကျော်တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇွန်လမှ ဇူလှိုင်လ ၁၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၃၁၁ ဦးရှိနေပြီး အချို့က ရောဂါလက္ခဏာများ ကောင်းမွန်၍ ဆေးရုံမှဆင်းသွားပြီဖြစ်ကာ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိသူ ၁၆၇ ဦး ကျန်နေ သေးကြောင်း ခရိုင်ကျန်းမာရေးဌာနမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2059340424218358