By Irrawaddy/ 2021 June 30

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းမှာ တနေ့ထက်တနေ့ မြင့်တက်လာ နေသည်။
မောင်တောမြို့နယ်အတွင်း ဇွန်လ ၂၉ ရက်က ၁၂ ဦး ကိုဗစ်ပိုး တွေ့ရှိသလို ဇွန်လ ၃၀ ရက်တွင်လည်း ၁၅ ဦး ထပ်မံ ပိုးတွေ့ ရှိခဲ့ရာ ဆေးကုသမှုခံယူနေသူ စုစုပေါင်း ၃၈ ဦးထိ ရှိလာနေကြောင်း မောင်တော ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက ပြောသည်။
ဒေါက်တာ နုကေသီစံ က “ပိုးတွေ့တဲ့အထဲမှာမှ တချို့က အနံ့မရတဲ့လူတွေ ပါတယ်။ တချို့က လက္ခဏာ မပြဘူး။ ပိုးတွေ့သူ တွေနဲ့ ဆက်စပ်လို့ ဆေးစစ်ကြည့်တဲ့အခါမှ ကိုဗစ်ပိုးရှိကြောင်း တွေ့ရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်တတိယလိုင်းတွင် မောင်တောမြို့နယ်အတွင်း ပိုးတွေ့သူ စုစုပေါင်း ၄၃ ဦး ရှိပြီး ၎င်းတို့ အထဲမှ ၅ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သည့်အတွက် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ဆက်လက် ပြောဆိုသည်။
ထိုသို့ မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ နေ့စဉ် တိုးလာနေသည့်အတွက် ပြည်သူများကြား စိုးရိမ်မှုများရှိကာ သားသမီးများကိုလည်း ကျောင်းမပို့ရဲတော့ကြောင်း မောင်တောမြို့ခံများက ပြောသည်။
မောင်တောမြို့ခံ ကိုမောင်ကိုလတ်က “ပိုးတွေ့တာများလာတော့ လူတွေက တော်တော် လန့်နေကြပြီး။ အပြင်ကို ထွက်ရင် လည်း အရင်ကဆို Mask မတပ်ဘဲ သွားလာနေကြတာကနေ အခုဆို Mask တပ်ပြီး သွားကြတာကို တွေ့တယ်။ တချို့ မိဘတွေ ကလေးတွေကို ကျောင်းမပို့ရဲကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၁ ရက်နေ့က စ၍ Mask မတပ်ဘဲ အပြင်ထွက်သူများကို ဖမ်းဆီးဒဏ်ရိုက်မည် ဖြစ်ကြောင်းလည်း မောင်တော မြို့ခံများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက အသိပေး ကြေညာထားကြောင်းလည်း သိရသည်။
အလားတူ သံတွဲမြို့နယ်အတွင်လည်း ဇွန်လ ၂၉ ရက်က ကိုဗစ်ပိုးတွေ့သူ ၆ ဦး ရှိရာမှ ဇွန်လ ၃၀ ရက်တွင် ၅ ဦး ပိုးတွေ့ရှိကာ စုစုပေါင်း ဆေးကုသမှုခံယူနေရသူ ၃၁ ဦးအထိ ရှိလာနေကြောင်း ကိုဗစ် အရေးကို ကူညီဆောင်ရွက်ပေးနေသည့် သံတွဲ အရပ်ဘက်အဖွဲ့အစည်း တခုမှ ကိုသက်လွင်ဖြိုးက ပြောသည်။
၎င်းက “ပိုးတွေ့တာ များလာနိုင်တယ်ဗျ။ ကွာရန်တင်းစင်တာ (Quarantine Centre) ထဲမှာလည်း ဆေးမစစ်ရသေးတဲ့ လူ တွေလည်း ရှိသေးတယ်။ နောက် တိုက်ရိုက် ဆက်စပ်သူ၊ ထိတွေ့သူတွေလည်း ရှိသေးတယ်။ အဲဒါတွေကို စစ်လိုက်ရင် ပိုတွေ့ သူ ပိုများလာနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သံတွဲမြို့နယ်အတွင်း ကိုဗစ်ပိုးကူစက်နှုန်း များပြားလာသည့်အတွက် ယခုထက် ပိုမိုများပြားလာပါက ဒေသတွင်း စီးပွား ရေးကို ရိုက်ခတ်မှုရှိလာနိုင်ကြောင်း သံတွဲမြို့ခံများက ပြောသည်။
ကိုသက်လွင်ဖြိုးက “တချို့ကို Home Quarantine ထားတာရှိတယ်။ အဲဒီလူတွေက အပြင်ထွက်ပြီး အလုပ်လုပ်တဲ့ နေ့စား လုပ်သားတွေ ဖြစ်တယ်။ အဲဒီ လူမျိုးတွေ၊ သူတို့ မိသားစုတွေ အခုတော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ ပြီးရင် ကျနော်တို့ မြို့ရဲ့ အဓိက စီးပွားရေးက ခရီးသွားနဲ့ ပင်လယ်ငါးဖမ်းတဲ့ လုပ်ငန်း။ ကိုဗစ် ဒီထက်များလာရင် ကားဂိတ်တွေကို ပိတ်။ ငါးပုဇွန်တွေကိုလည်း တင်မပို့နိုင်၊ အဲဒီလိုတွေ ဖြစ်ရင်တော့ ဒေသတခုလုံး အကျပ်ရိုက်သွားမှာကိုမှာ တော်တော် လေး စိုးရိမ်စရာ ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေတွင် ငပလီ ပင်လယ်ကမ်းခြေနှင့် ဟိုတယ်များ ကို ဖွင့်ထားသော်လည်း အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာသော နိုင်ငံရေး အခြေအနေကြောင့် ခရီးသွားလာသူများ မရှိသည့်အတွက် ဟိုတယ်များမှာလည်း ပိတ်ထားသကဲ့သို့ ဖြစ် နေကြောင်း ဒေသခံများက ပြောသည်။
သံတွဲမြို့နယ်အတွင်း ဇွန်လ ၂၅ ရက်က အလယ်တန်းပြ ကျောင်းဆရာမဦး ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူ များ အပါအဝင် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်း ပိုးတွေ့ရှိသူများ ရှိလာသည့်အတွက် စာသင်ကျောင်း တချို့ကိုလည်း ယာယီ ပိတ်ထားရသည်။
အလားတူ စစ်တွေမြို့တွင်လည်း ယမန့် ဇွန်လ ၂၉ ရက်က ၉ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၄ ဦး ပိုးတွေ့ရှိခဲ့ရာ လက်ရှိအချိန် တွင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် လူ ၂၀ ကျော် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
စစ်တွေပြည်သူ့ ဆေးရုံအုပ် ဒေါက်တာကြည်လွင်က “မနေ့က ၉ ဦး တွေ့တယ်။ ဒီနေ့ ၄ ဦးရှိ တယ်ပိုးတွေ့တာ။ ဒီလို ပိုးတွေ့ မှုတွေ များလာတဲ့အတွက် ကျနော်တို့ အသိညာပေးမှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ အားလုံး Mask တပ်ပြီး သွားလာဖို့နဲ့ ကိုဗစ် လက်ကမ်းစာစောင်တွေ ဖြန့်ဝေဖို့၊ အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့နယ်အတွင်း ကိုဗစ်တိယလိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လာသည့် စက်လှေသမားများ ထံမှ စတင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ရာ ရခိုင်ပြည်နယ်တွင် စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူဦးရေမှာ ယနေ့အထိ ၁၅၀ ကျော်အထိ ရှိ လာပြီ ဖြစ်သည်။
https://www.facebook.com/theirrawaddyburmese/posts/4632754596768656