မောင်တောတွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်ညွှန်ကြားထား

By Development Media Group (DMG)/ July 3

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန် အကြောင်းကြားသည့်စာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မောင်တောခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသဖြင့် မြို့နယ်အဆင့် covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန်ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးမောင်အေးသိန်းက “စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းရမယ်။ တကယ်လို့ မလိုက်နာရင်အရေးယူမယ်လို့ ထုတ်ပြန်ထားတယ်။ ဘာပဲဖြစ်ဖြစ် အဓိကတော့ ရောဂါဆက်လက်မပြန့်ပွားရအောင် ထိန်းချုပ်တဲ့သဘောပါပဲ” ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ထမင်းဆိုင်များတွင် ယနေ့(ဇူလိုင်လ ၃)ရက်နေ့မှစ၍ ဆိုင်ထိုင်စားသောက်ခြင်းမပြုကြရန် တားမြစ်ထားပြီး လိုက်နာမှုမရှိပါက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ ညွှန်ကြားချက်အတိုင်း ရောင်းချရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရကြောင်း မောင်တောမြို့ The Trees စားသောက်ဆိုင်ပိုင်ရှင် ကိုသာတူးချေက ပြောသည်။

မောင်တောမြို့တွင် ဆိုင်များပိတ်ထားခြင်းမရှိသော်လည်း စားသောက်ဆိုင်များတွင် လာရောက်စားသုံးသူနည်းလာပါက ဝန်ထမ်း များကိုလျှော့ချရမည်ဟုလည်း ၎င်းကဆိုသည်။

“မနက်ပိုင်းအထိ ကျနော်တို့ဆိုင်ကို customer တစ်ယောက်မှ းမလာသေးဘူး။ ညနေပိုင်းအထိစောင့်ကြည့်ရအုံးမယ်။ တကယ်လို့ ဆိုင်ရောင်းအား အဆင်မပြေဘူးဆိုရင် ကျနော်တို့မှာ ဝန်ထမ်းတွေလျှော့ချရမယ်။ အခုလည်း နယ်ကဝန်ထမ်းတွေကပြန်ဖို့လုပ်နေကြပြီ။ စောင့်ကြည့်ဖို့ ပြောထားရတယ်”ဟု ကိုသာတူးချေက ပြောသည်။

အလားတူ Nokia လက်ဖက်ရည်ဆိုင်ပိုင်ရှင် မပန်းအိစံက ယခင် ကိုဗစ်ဒုတိယလှိုင်းဖြစ်စဉ်ကလည်း ဆိုင်များကို ပိတ်ထားခဲ့ရပြီး ယခုထပ်မံပိတ်ရမည်ဆိုပါကာ စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်ကြောင်း ပြောသည်။

“ဆိုင်ကိုတော့ အရင်နေ့တွေကလို လူသိပ်မရောက်ကြဘူး။ ပါဆယ်နဲ့ယူသွားကြတဲ့သူတွေလည်းရှိတယ်။ ပါဆယ်နဲ့ပဲရောင်းတယ်ပြောလိုက်လို့ မဝယ်ဘဲပြန်သွားကြတဲ့သူတွေလည်းရှိတယ်။ လက်ဖက်ရည်ဆိုင်ဆိုတာ ထိုင်သောက်ဖို့အတွက်ဆိုပြီး ဆိုင်ထိုင်ရတာကြိုက်တဲ့သူတွေလည်းရှိတယ်” ဟု မပန်းအိစံက ဆိုသည်။

မောင်တောခရိုင်အတွင်းတွင် ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၀၀ ကျော်အထိရှိလာနေပြီး ဆေးရုံးမှဆင်းခွင့်ရရှိသူ ၅ ဦးရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2052601258225608

Leave a Reply

Your email address will not be published.