မောင်တောတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကလေးမွေးဖွားပြီးနောက် ကိုဗစ်ဖြင့်သေဆုံး၊ ရခိုင်တွင် ၃ ရက်အတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ကိုယ်ဝန်ဆောင်မိခင် ၃ ဦးရှိပြီ

By Narinjara/ 2021 July 29

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် ဇူလိုင်လ ၂၈ ရက်နေ့က ကိုဗစ် အတည်ပြုလူနာ ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမွေးဖွားပြီးနောက်သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးရသည့် ကိုယ်ဝန်ဆောင်မိခင် ၃ ဦးရှိသွားပြီဟု သတင်းရရှိသည်။

မောင်တောမြို့ဆေးရုံတွင် သေဆုံးသွားခဲ့သည့် အမျိုးသမီးမှာ အသက်(၁၈)နှစ် အရွယ်ခန့်ရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့လယ်ခန့်က ဗိုက်နာပြီးကလေးမွေးဖွားရန် ကျန်းမာရေးဌာနအားအကြောင်းကြားလာသဖြင့် မောင်တောမြို့ ဂရုဏာကွန်ယက် အသင်းမှ သွားရောက်ခေါ်ယူက ဆေးရုံ တက်ရောက် ခဲ့သူဖြစ်ကြောင်း သိရသည်။

ကလေးမီးဖွားပြီး အသက်ရှုကျပ်နေ၍ စစ်ဆေးသည့်အချိန်တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ဂရုဏာကွန်ယက်အသင်းဥက္ကဋ္ဌကိုချစ်ထူးခိုင်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ကျွန်တော်တို့သွားခေါ်ကတည်းက လူနာက အသက်ရှုကျပ်နေခဲ့တာပါ။ ကလေးကို ညနေ ၅ နာရီလောက်က မွေးပြီးတဲ့နောက် စစ်ဆေးတော့ ကိုဗစ်ပိုးရှိတဲ့ လူနာမှန်းသိခဲ့တာပါ။ သေတဲ့အချိန်က ည ၁၂ နာရီကျော် ဆိုတော့ ၂၈ ရက်နေ့ဖြစ်သွားပြီပေါ့။ ကလေးမှာ ကိုဗစ်မတွေ့ပါဘူး” ဟုပြောသည်။

၎င်းအပြင် ကိုဗစ်ဖြင့် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မင်းပြားမြို့ဆေးရုံကြီးတွင် အသက်(၂၈)နှစ်အရွယ် ကိုယ်ဝန်ငါးလနှင့် တစ်ဦး၊ ဇူလိုင်လ (၂၈) ရက်နေ့က စစ်တွေဆေးရုံကြီးတွင် ပေါက်တောမြို့ဇာတိ အသက်(၃၁)နှစ်အရွယ် ကိုယ်ဝန်ရှစ်လနှင့် မိခင်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တာဝန်ကျ ဆရာဝန်များနှင့် နာရေးကူညီမှု အသင်းများ၏ အတည်ပြုချက်များ အရသိရသည်။

ရခိုင်တပြည်နယ်လုံးတွင် ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီအထိ ကိုဗစ် အတည်ပြုလူနာ ၂၅၁၃ ဦးရှိပြီး သေဆုံးသူ ၁၄၆ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4537855102893198

Leave a Reply

Your email address will not be published.