By Narinjara/ 2021 July 10
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့ ဇူလိုင် ၁ဝ ရက်နေ့ တစ်ရက်တည်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူနှစ်ဦးသေဆုံးပြီး သေဆုံးရာတွင် ပါဝင်သည့် အမျိုးသမီးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်းသတင်းရရှိသည်
ပထမသေဆုံးသူမှာ သရက်အုပ်ကျေးရွာမှ အသက် (၅ဝ)ကျော်အရွယ် မူဆလင်တစ်ဦးဖြစ်ပြီး ယနေ့ နံနက် အစောကြီး ၃ နာရီခန့်က သေဆုံးသွားခဲ့သည်ဟု သိရသည်။
ယနေ့ ညနေ ၅နာရီခန့်တွင် သေဆုံးပြီး အလောင်းဆေးရုံသို့ လာပို့သည့် အမျိုးသမီးမှာ လှဖိုးခေါင် ကယ်ဆယ်ရေးစခန်းတွင် ကွာရန်တင်းဝင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်ကြောင်း မောင်တောမြို့မ ရဲစခန်းမှူးက ပြောသည်။
ယနေ့ တစ်နေ့တည်း၌ ကိုဗစ်လူနာ နှစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း မောင်တော ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက အတည်ပြုပြောကြားသည်။
“ မနက်ကသေတဲ့လူက ဆီးချို၊ သွေးတိုးရောဂါအခံရှိတယ်။ ၈ ရက်နေ့လောက်ကတည်းက ဆေးရုံတက်တာ။သူက လာကတည်းက ပြင်းထန်လူနာပါ။ မူဆလင်ပါသူက။ ညနေ ၅ နာရီလောက်က သေတဲ့အမျိုးသမီးကတော့ သေပြီးမှဆေးရုံရောက်လာတာပါ။ သူနဲ့ထိတွေ့ခဲ့သူတွေတော့ ရှိမယ် ထင်ပါတယ်။ တိုင်းရင်းသားထဲကပါ။ ဘာလူမျိုးတော့ မသိဘူး။ မူဆလင်မဟုတ်ဘူး” ဟုပြောသည်။
အဆိုပါ သေဆုံးသူ နှစ်ဦး အပါအဝင် မောင်တောမြို့နယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၅ ဦး အထိရှိသွားပြီဖြစ်သည်။
၄င်းတို့မှာ ဇူလိုင်လ ၃ ရက်နေ့က မောင်တောဆေးရုံ၌ ဆီးချိုရောဂါအခံရှိသူ အသက် ၆ဝ အရွယ်ရှိ မူဆလင်တစ်ဦး၊ မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇံကျေးရွာရဲကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ကြပ်တစ်ဦး နှင့် ဇူလိုင်လ ၈ ရက်နေ့က နံနက်က ရပ်ကွက်(၂) နေသူ အသက် (၄ဝ)ကျော်အရွယ် မူဆလင် အမျိုးသမီးနှင့် ယနေ့ သေဆုံးသူ ၂ ဦး ပါဆိုလျှင် ေသဆုံးသူ စုစုပေါင်း ၅ ဦး ရှိသွားပြီဖြစ်သည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ် အတည်ပြုလူနာ ၇ဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၁ဝ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4482843665061009