By Narinjara/ 2021 July 3
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကိုဗစ်အတည် ပြုလူနာတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၆ဝ အရွယ် မူဆလင်တစ်ဦးဖြစ်ပြီး ဆီးချို၊သွေးတိုး ရောဂါအခံရှိသူဖြစ်ကြောင်း မောင်တောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးမှူး ဒေါက်တာ နုကေသီစံက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“ သူက ဒီနေ့မနက်အစောကြီးဆေးရုံတက်လာတာပါ။ ရင်တုန်လို့ဆိုပြီးဆေးရုံတက်လာတာပါ။ သူ့မှာဆီးချိုရယ် သွေးတိုးရယ်ရှိတယ်။ မြို့တွင်းမှာနေတာပါ။” ဟုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသား မောင်တောမြို့ ရပ်ကွက်(၂)တွင် နေထိုင်သူဖြစ်ကြောင်း မောင်တောရဲစခန်းမှူး မြင့်ကျော်ဦးကလည်း အတည်ပြုပြောဆိုသည်။
အလားတူ စစ်တွေမြို့တွင်လည်း လွန်ခဲ့သည့် ဇွန်လ ၂၈ ရက်နေ့နံနက်ကလည်း ဆီးချိုရောဂါအခံရှိသူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သဖြင့် ကိုဗစ်တတိယလှိုင်းကြောင့် ရခိုင်တွင် သေဆုံးသူ နှစ်ဦးရှိသွားပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယမန်နေ့ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၇၂ ဦးတွေ့ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းအရသိရသည်။
https://www.facebook.com/narinjara.info/posts/4462583630420346