By Development Media Group (DMG)/ July 2
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ၁၆၀ ဦးထံ၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
အဆိုပါစာရင်းမှာ ဇွန်လ ၃၀ ရက်နေ့မှ ယနေ့ဇူလိုင်လ ၂ ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ ကိုဗစ်ပိုးတွေ့ရှိ ထားသည့် နယ်ခြားစောင့်ရဲဝန်ထမ်းနှင့် မိသားစုဝင်များ၏စာရင်းဖြစ်ပြီး ယင်းအထဲတွင် မောင်တောမြို့နယ်မှ ၁၁၀ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၅၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်မှ ကိုဗစ်ကူးစက်ခံရသည့် နယ်ခြားစောင့်ရဲနှင့် မိသားစုဝင်များမှာ ဇွန်လ ၃၀ ရက်နေ့က ၆ ဦး၊ ဇူလိုင်လ ၁ ရက်နေ့တွင် ၉၁ ဦးနှင့် ဇူလိုင်လ ၂ ရက်နေ့တွင် ၁၃ ဦးတို့ဖြစ်ကြောင်း မောင်တောခရိုင်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာနုကေသီစံမှ ပြောကြားသည်။
ဘူးသီးတောင်မြို့နယ်တွင်လည်း ဇွန်လ ၃၀ ရက်နေ့က နယ်ခြားစောင့်ရဲဝန်ထမ်း ၂ ဦးတွင် ကိုဗစ်ပိုးစစ်ဆေး တွေ့ရှိ ခဲ့ပြီး ၎င်းတို့နှင့်ဆက်စက်သူ ၁၄၄ ဦးအား ဇူလိုင်လ ၁ ရက်နေ့ကစစ်ဆေးရာတွင် ၄၈ ဦး၌ ကိုဗစ်ပိုးတွေ့ရှိ ရကြောင်း ယင်းမြို့နယ်မှ ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောသည်။
ထိုသို့ ကိုဗစ်ပိုးတွေ့ရှိထားသည့် နယ်ခြားစောင့်ရဲနှင့် ၎င်းတို့၏မိသားစုဝင်များကို ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များရှိ နယ်ခြားစောင့်ရဲစခန်းများတွင် သီးသန့်ထားရှိကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ယခုကိုဗစ်ပိုးတွေ့ရှိသည့် နယ်ခြားစောင့်ရဲဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ ပြည်မဘက်မှ မောင်တောခရိုင်သို့တာဝန်ကျ၍ ပြောင်းရွှေ့ရောက်ရှိလာသူများဖြစ်ကြသည်။
မောင်တောခရိုင်အတွင်းတွင် ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၂၀၀ ကျော်အထိ ရှိလာနေပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၅ ဦးရှိကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2051887158297018