By Development Media Group (DMG)/ July 17

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဆေးရုံ၌ အောက်စီဂျင်လိုအပ်မှုရှိနေကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။
အဆိုပါဆေးရုံရှိ အောက်ဆီဂျင်ထုတ်သည့်စက်မှာ မကောင်းတော့သည့်အတွက် မကြာခဏပျက်၍ ပြုပြင်ပြီးအသုံးပြုနေရသည်ဟု မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံကပြောသည်။
“အစကတည်းကနေ စက်ကအဟာင်းပါ။ ပျက်လိုက်ပြန်ပြုပြင်လိုက်ပေါ့။ အခုတော့ပြုပြင်ထားတယ်။ ဘယ်နေ့ပြန်ပျက်မလဲမသိဘူး။ အောက်ဆီဂျင်ကတော့ ၃ လုံးဘဲထုတ်နိုင်တယ်။ ဘယ်လိုမှ မလုံလောက်နိုင်ဘူး” ဟု ဒေါက်တာနုကေသီစံကပြောသည်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံအတွက် စစ်တွေဆေးရုံမှပေးအပ်ထားသည့် Oxygen plant မှာ ပျက်နေသည့်အတွက် စစ်တွေမြို့မှမှာယူရာတွင် ဆလင်တာဗူးကြီးတစ်ဗူးကို အောက်ဆီဂျင်ဖြည့်ခ၊ သယ်ယူပို့ဆောင်ခဖြင့် တစ်ဗူးလျှင် ၃၅၀၀၀ ကျပ်ကုန်ကျကြောင်း သိရသည်။
“Oxygen plant ပျက်နေတယ်။ လောလောဆယ်မှာတော့ အောက်ဆီဂျင်ဆလင်ဒါဗူးကြီးအလုံး ၆၀ လောက်ရှိနေတယ်။ တစ်နေ့ကို အောက်ဆီဂျင်ဗူးကြီး ၁၀ လုံးလောက်ကုန်နေတယ်။ လူနာများလာရင်တော့ လိုအပ်မှုပိုများလာမယ်။ နေ့စဉ်စစ်တွေကမှာယူနေရတယ်” ဟု မောင်တောအခြေစိုက် ကရုဏာကွန်ရက် ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က DMG ကိုပြောသည်။
မောင်တောခရိုင်အတွက် တစ်ရက်လျှင် အောက်ဆီဂျင်ဆလင်တာဗူးကြီး ၁၅ လုံးထုတ်လုပ်နိုင်သည့် စက်တစ်လုံးလိုအပ်နေကြောင်း သိရသည်။
မောင်တောမြို့၌ ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၄၇ ဦးရှိရာ ၂၆၆ ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် လက်ရှိ အောက်ဆီဂျင်ပေးထားရသူ ၅ ဦးရှိကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2063186627167071