By Narinjara/ 2021 July 13
အောင်လင်းထွန်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်သို့လာရောက်ကြမည့် ခရီးသည်များအား ၎င်းတို့လာရောက်မည့်ဒေသများမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ထောက်ခံချက်ပါမှသာ မြို့နယ်တွင်းသို့ဝင်ရောက်ခွင့်ပြုမည်ဟု မြို့နယ် Covid 19 ကာကွယ်ထိန်းချုပ်ရေးကော်မတီက ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းအပြင် မာန်အောင်မြို့နယ်တွင်းသို့ Stay Home သတ်မှတ်ထားသည့်မြို့နယ်များမှ ခရီးသည်များရောက်ရှိလာပါက ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ မိမိအစီအစဉ်ဖြင့် Quarantine ၁၄ ရက် ဝင်ရမည်ဟုလည်း ဆိုသည်။
“မြို့နယ်ပြင်ပ Stay Home သတ်မှတ်ထားတဲ့သူတွေကို Quarantine ထားမယ်။ ရန်ပုံငွေမရှိတဲ့အတွက် လောလောဆယ် ကိုယ့်အစီအစဉ်နဲ့ကိုယ် စားရမယ်။ ရန်ပုံငွေရမှ အဖွဲ့က အရင်လိုကျွေးမွေးသွားမယ်။” ဟု Quarantine Centre များထားရှိရန်ပြင်ဆင်နေသည့် စေတနာလူမှုကူညီရေးအသင်းမှ ဦးကျော်မိုးနိုင်က ပြောသည်။
လက်ရှိ မာန်အောင်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာတစ်ဦးမျှမရှိသေးသော်လည်း မြို့နယ်တွင်းကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁ ထောင်ခန့်နှင့် သေဆုံးသူ ၁၇ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4491247020887340