မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးရှိလာပြီး သေဆုံးသူ ၂ ဦးရှိ

By Development Media Group (DMG)/ July 20

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာစုစုပေါင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့အထိ ၂၁ ဦးအထိရှိလာပြီး သေဆုံးသူ ၂ ဦးရှိကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်နေ့က ရောဂါအခံရှိသည့် အသက် ၆၅ နှစ်အရွယ် ကိုဗစ်ပိုးတွေ့လူနာအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း မာန်အောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာဦးစောမင်းက ပြောသည်။
၎င်းမှာ အသည်းအသန်ဖြစ်၍ ဆေးရုံရောက်ရှိလာသဖြင့် အောက်ဆီဂျင်ကို တစ်ညလုံးပေးခဲ့သော်လည်း နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းကဆိုသည်။

ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း မာန်အောင်မြို့နယ်မှ အသက် ၇၅ နှစ်အရွယ် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်ထံမှ သိရသည်။

“ဒီနေ့အမျိုးသမီးတစ်ဦး ထပ်ဆုံးပါတယ်။ သူ့မှာ ရောဂါအခံက သွေးတိုးရှိတယ်။ ပြီးတော့ အသက်လဲကြီးနေပြီ ဆိုတော့ ရောဂါဒဏ်ကိုမခံနိုင်တဲ့သဘောရှိတယ်။ ဆေးရုံမှာ သူရောက်တာ ၃ ရက်ရှိပြီး၊ ရောက်ကတည်းက  အောက်ဆီဂျင်တောက်လျှောက်ပေးထားတယ်။ ဒါပေမဲ့ အောက်ဆီဂျင်က ပြန်တက်မလာခဲ့ဘူး” ဟု မာန်အောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာဦးစောမင်းက ပြောသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၁ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၂ ဦးနှင့် လက်ရှိ အောက်ဆီဂျင်ပေးကုသနေရသူ ၄ ဦးရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးတွင် ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၅၄၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2065525003599900

Leave a Reply

Your email address will not be published.