မာန်အောင်တွင်အောက်စီဂျင်စက်ရုံတည်ဆောက်ရန်စီစဉ်၊ ရုပ်ရှင်သရုပ်ဆောင်နေတိုးမိသားစုက ကျပ်သိန်း ၂၀ ပါဝင်လှူဒါန်း

By Western News/ 2021 July 24

အေးမြတ်ခိုင်

ရေလမ်းခရီးကိုသာ အဓိကအားကိုးသွားလာနေရသော ရခိုင်ပြည်နယ်က မာန်အောင်မြို့နယ်တွင် အောက်စီဂျင် အချိန်မီအလုံအလောက်ရရှိနိုင်ရေးကို ရည်ရွယ်ပြီး အောက်စီဂျင် စက်ရုံတစ်ခုကို စတင် တည်ထောင်ရန် စီစဉ်နေရာ ရုပ်ရှင်သရုပ်ဆောင်နေတိုးမိသားစုက ကျပ်သိန်း (၂၀) လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

၎င်းအလှူမှာ ကိုနေတိုး၏ ဆုံးပါးကွယ်လွန်သွားပြီးဖြစ်သည့် ညီဖြစ်သူ မင်းသွေးအား ရည်စူးပြီး အောက်စီဂျင် စက်ရုံကို ဦးဆောင် တည်ဆောက်မည့် မေဃဂရုဏာလူမှုရှင်သန်ရေးအဖွဲ့ သို့ ပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်း မေဃဂရုဏာလူမှုရှင်သန်ရေးအဖွဲ့မှ ဦးဖြူလုံးက ပြောသည်။

“၂၁ ရက်နေ့က ဒေသမှာရှိတဲ့လူတွေနဲ့ အောက်စီဂျင် စက်ရုံတည်ဆောက်ဖို့ ရန်ပုံငွေ တစ်ရပ် ထူထောင်လိုက်တယ်ပေါ့နော်။ အလှူငွေ သိန်း(၁၀၀) ကျော်နဲ့ မတည်တယ်။ နောက်ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ဆိုရင် သိန်း (၂၀၀) ကျော်ရှိမယ်။ နေတိုးတို့မိသားစုကလည်း သိန်း၂၀ထည့်ဝင် လှူဒါန်း ထားပါတယ်” ဟု ပြောသည်။

၎င်းစက်ရုံကို လက်ရှိ ကိုဗစ်နှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်တွင် အဓိက လုပ်ဆောင်နေသည့် မေဃဂရုဏာလူမှုကူညီရေးအသင်းက တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

“လောလောဆယ်မှာ ကျွန်တော်တို့ သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်တဲ့ Oxygen cylinder အိုးတွေ၊ Oxygen Concentrator ၊ လိုအပ်တဲ့ဆေးဝါး စသည်ဖြင့် တက်နိုင်သ၍ လိုအပ်သလို လှူဒါန်းမယ်။ ဒါကတစ်ပိုင်းပေါ့နော်။ ဒုတိယပိုင်းအနေနဲ့ကတော့ Oxygen Plant ကိုဖြစ်အောင်လုပ်ဖို့ဆိုတာတော့ရှိတယ်” ဟုလည်း ပြောပြထားသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့၌ အတည်ပြုလူနာသစ် တစ်ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းမြို့နယ်၏ အတည်ပြုလူနာစုစုပေါင်းမှာ (၂၄)ဦး၊ ယင်းအထဲက ဆေးရုံက ဆင်းခွင့်ရရှိသူ ၅ ဦး၊ ဆေးကုသမှု ခံယူနေသူ(၁၅)ဦး၊ သေဆုံးလူနာ ၄ ဦးရှိကြောင်း၊ ဆေးရုံတွင် ရှိသည့် ကိုဗစ်လူနာ ၁၅ ဦးအထဲမှ လက်ရှိဆေးရုံတွင် အောက်ဆီဂျင် ပေးထားရသူ လူနာ ၆ ဦးရှိကြောင်း မာန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး Rakhine Covid-19 Watch တွင် သတင်းဖော်ပြထားသည်။

“ ဒီဒေသမှာ ကိုဗစ်နဲ့ လိုအပ်တဲ့ဟာတွေအတွက်ရော၊ အောက်စီဂျင် စက်ရုံအတွက်ပါ လှူဒါန်းချင်တယ် ဆိုရင်ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး ပူးပေါင်းပါဝင် လှူဒါန်းနိုင်ပါတယ်၊၊ ကျွန်တော်တို့ Page မှာလည်း တင်ပေးထားပါတယ်။ ဘယ်သူမဆို ဖုန်းဆက်သွယ်ပြီး နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်” ဟု ဦးဖြူလုံးက တိုက်တွန်းပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/4522930491052326

Leave a Reply

Your email address will not be published.