မာန်အောင်တွင်ကိုဗစ်ဖြင့်အမျိုးသားတစ်ဦးထပ်မံသေဆုံး၊ ရခိုင်တွင် ဇူလိုင် ၂၂ ရက်နေ့ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၈၁ ဦးရှိလာ

By Narinjara/ 2021 July 22

အောင်လင်းထွန်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကိုဗစ်အတည်ပြု အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဇူလိုင် ၂၂ ရက် ညနေက ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

ကိုဗစ်တတိယလှိုင်းအတွင်း မာန်အောင်မြို့နယ်တွင် ကိုဗစ် ကူးစက်ရောဂါကြောင့် လေးဦးမြောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးသူမှာ မာန်အောင်မြို့နယ်၊ ကုန်းတန်းကျေးရွာမှ အသက် (၅၀)အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသူမှာ ဆေးရုံဆက်နေစဉ် အောင်ဆီဂျင်ပေးထားရသူဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ သူဆုံးသွားတာ ၁ နာရီလောက်ရှိပြီ။ မနေ့က ညနေ ၆ နာရီ ၄၀ မိနစ်အချိန်မှာ ဆုံးသွားပါတယ်။ အခုလက်ရှိကျနော်တို့ အဲဒီသေဆုံးသူကို သဂြိုလ်ဖို့လုပ်နေတယ်” ဟု ဇူလိုင် ၂၂ ရက် ညနေပိုင်းက မာန်အောင်မြို့နယ် စေတနာရှင်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်မိုးနိုင်က ပြောသည်။မာန်အောင်မြို့နယ်တွင် အရေးပေါ် အောင်ဆီဂျင်ပေးထားရသူ ကိုဗစ်အတည်ပြုလူနာ ၆ ဦးရှိပြီး ယခု သေဆုံးသူမှာ ယင်းအထဲမှ ဖြစ်ကြောင်းသိရသည်။မာန်အောင်မြို့နယ်မှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေသည့်နေရာဖြစ်သည့်အတွက် အောင်ဆီဂျင် အရေးပေါ် လိုအပ်နေကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင် ၂၂ရက် ညနေ (၃:၀၀)နာရီအထိ အတည်ပြုလူနာသစ် ၂ ဦး ရှိကြောင်း၊ အတည်ပြုလူနာစုစုပေါင်း(၂၃)ဦးရှိကာ၊ ကုသဆဲ(၂၀)ဦး၊ ၎င်းထဲမှ အောက်ဆီဂျင် ပေးထားရသူ ၆ ဦးရှိကြောင်း မာန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ချက်တွင် ဖော်ပြသည်။

ရခိုင်တပြည်နယ်လုံးတွင် ဇူလိုင် ၂၂ ရက်နေ့ ညနေအထိ ကိုဗစ်ကူးစက်ခံခဲ့ရသူ ဦးရေ ၁၉၂၆ ဦး အထိရှိပြီး လက်ရှိမြို့နယ်အလိုက် ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ ၇၉၆ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၈၁ ဦးရှိသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4519576868054355

Leave a Reply

Your email address will not be published.