မင်းပြားမြို့တွင် Mask တပ်ရန်လှုပ်ရှားမှုပြုလုပ်

By Narinjara/ 2021 July 18

အေးမြတ်ခိုင်

မင်းပြားမြို့တွင် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ပြည်သူများ လမ်းသွားလမ်းလာရာတွင် နှာခေါင်းစည်း Mask တပ်ရန်၊ လက်ကို ဆပ်ပြာနှင့်ဆေးရန် Campaign လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဇူလိုင်လ(၁၇)ရက်နေ့ မနက်ပိုင်းက မင်းပြားမြို့မှ လူမှုအဖွဲ့အစည်းများနှင့် ထွေ/အုပ်၊ ကြက်ခြေနီ၊ ပညာရေး၊ ကျန်းမာရေး စသည့် ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ပြုလုပ်ခဲ့ရာ မိန်းကလေးငယ်များ ပါဝင်လှုပ်ရှားလာသည်ဟု သိရသည်။

ပါဝင်လှုပ်ရှားသူ MBYA (Mong Bra Youth Association) မှ ဒါရိုက်တာ နေငြိမ်းချမ်းက “အခု ကိုဗစ်တတိယလှိုင်းမှာ အသေအပျောက်တွေ များလာတဲ့အတွက် အဓိက Mask တပ်စေချင်လို့ အခုလို Mask Campaign ပြုလုပ်ရတာပါ” ဟု ပြောသည်။

လှုပ်ရှားမှုမှာပါဝင်ခဲ့သူ Global Wise Academy ကျောင်းအုပ် ဦးဝင်းထွန်းကျော်က “ပြည်သူလူထုပူးပေါင်းပါဝင်မှုက ၁၀၀% အရေးပါတယ်၊ ဒါကြောင့်အားလုံးကို ပူးပေါင်း ပါဝင်စေချင်တယ်” ဟု ပြောသည်။

၎င်း လှုပ်ရှားမှုကို လူထူထပ်သည့် မြို့မဈေး၊ စက်လှေဆိပ်(ဘုတ်ဆိပ်)၊ ကားဂိတ်နှင့် အသွားအလာများသည့် လမ်းမကြီးများတွင် ပြုလုပ်ခဲ့ကြပြီး နောက်နေ့များတွင်လည်း ဆက်လုပ်သွားမည်ဟု သိရသည်။

လက်ရှိ မင်းပြားတွင် ဇူလိုင် ၁၆ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ( ၉ )ဦးထိ ရှိနေပြီး သေဆုံးသူ မရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4505028562842519

Leave a Reply

Your email address will not be published.