By Narinjara/ 2021 July 26
သန္တာကျော်ဇော၊ သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် အသက် ၆၂ အရွယ်အမျိုးသမီးတစ်ဦး ယနေ့ ဇူလိုင်လ ၂၆ နေ့ နံနက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မင်းပြားမြို့ပေါ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး မနေ့ကညနေပိုင်းခန့်က ဆေးရုံကို ရောက်ရှိလာပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မင်းပြား ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်းက အတည်ပြုပြောကြားခဲ့သည်။
“သူက မနေ့ကညနေပိုင်းလောက်မှာ ဆေးရုံကိုရောက်လာတာဖြစ်တယ်။ ဆေးကုသမှုခံယူနေတုန်း ဒီကနေ့မနက်ပိုင်း ၆ နာရီခန့်လောက်က အသက်ရှူကျပ်ပြီး ဆုံးသွားတယ်။ သွေးချိုရောဂါအခံတော့ ရှိတယ်” ဟုပြောသည်။
မင်းပြားမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့အထိ ကုသဆဲလူနာ ၉ ယောက်ရှိပြီး၊ သေဆုံးလူနာ ၂ ယောက်ရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့သေဆုံးသည့် လူနာမှာ မင်းပြားတွင် ဒုတိယမြောက် သေဆုံးခဲ့သည့် လူနာဖြစ်ကြောင်း သိရှိရသည်။
ရခိုင်တွင်ကိုဗစ်ကြောင့် သေဆုံးသူမှာ ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီ အထိ ၁၁၀ ရှိလာပြီဖြစ်ပြီး အတည်ပြုလူနာ ၂၂ဝ၄ ဦးရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
https://www.facebook.com/narinjara.info/posts/4529035000441875