ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၇၄ ဦးထဲမှ ၅၀ ဦး ဆေးရုံဆင်းခွင့်ရ

By Development Media Group (DMG)/ July 12

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇၄ ဦးအထိရှိရာ ယင်းအထဲမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၅၀ ဦးရှိကြောင်း သိရသည်။

ကိုဗစ်ရောဂါပိုးတွေ့ရှိသူများလာသဖြင့် ဘူးသီးတောင်မြို့နယ်တွင် Mask မတပ်ဘဲ အပြင်မထွက်ရ စည်းကမ်းသတ်မှတ်ထားပြီး Mask မတပ်သူများအား ကတိခံဝန်ချက်လက်မှတ်ရေးထိုးခိုင်းထားကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောသည်။

“ယနေ့အထိ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၇၄ ဦးအထိရှိတယ်။ ၃ ဦးကတော့ မောင်တောက အချုပ်သား ၂ ဦးနဲ့ နေမကောင်းလို့လာပြတဲ့အရပ်သား ၁ ဦးဖြစ်တယ်။ သူတို့ကို မောင်တောဆေးရုံကို လွှဲပေးထားတယ်။ ယနေ့ ဆေးရုံကဆင်းတာက နခခ(၈)က ၅၀ ဦးရှိတယ်။ လက်ကျန်က ၂၂ ဦးကျန်တယ်” ဟု ဘူးသီးတောင်ဆေးရုံအုပ်ကြီး ဒေါက်တာ စောမင်းသိန်းက DMG သို့ ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အတွင်းသို့ ဇွန်လ ၂၉ ရက်နေ့က ကမ်းထိုးရေယာဉ်ဖြင့်ရောက်ရှိလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ကိုဗစ်စစ်ဆေးခဲ့ရာ ဇွန်လ ၃၀ ရက်နေ့တွင် နယ်ခြားစောင့်ရဲဝန်ထမ်း ၂ ဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့နှင့်ဆက်စက်သူ ၁၄၄ ဦးအား ဇူလိုင်လ ၁ ရက်နေ့က စစ်ဆေးရာတွင် ၄၈ ဦးအထိ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ ကိုဗစ်ပိုးတွေ့ရှိထားသည့် နယ်ခြားစောင့်ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများတွင် သီးသန့်ထားပြီးဆေးကုသပေးလျက်ရှိရာမှ ယနေ့တွင် နယ်ခြားစောင့် ၅၀ ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2059517394200661

Leave a Reply

Your email address will not be published.