ဘူးသီးတောင်တွင် ကိုဗစ်ပိုးတွေ့ရှိသည့်နယ်ခြားစောင့်ရဲ၂ ဦးနှင့်ဆက်စပ်သူ ၄၈ ဦး၌ ကိုဗစ်ပိုးထပ်တွေ့ရှိ

By Narinjara/ 2021 July 2

ရဲသွေးနီနီ(စည်တောင်)

ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွေ့လာသောနယ်ခြားစောင့်ရဲ နှစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ရှိပြီးနောက်ပိုင်း ၎င်းတို့နှင့်ဆက်စပ်သူ ၄၈ ဦးတွင် ဇူလိုင် ၂ ရက်နေ့က ကိုဗစ်ပိုး ထပ်မံ တွေ့ရှိကြောင်းသတင်းရရှိသည်။

၄၈ ဦးတွင် ကျား (၃၁) ဦး နှင့် မ (၁၇) ဦးတို့ဖြစ်ကြောင်းလည်းသိရသည်။

ဇွန်လ ၃၀ ရက်နေ့က နယ်ခြားစောင့်နှစ်ဦးတွင် ပိုးတွေ့ရှိပြီး နောက်ထပ်ထိတွေ့သူ ၄၈ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ ၃ ရက်အတွင်း လူပေါင်း ၅၀ ခန့် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက နိရဉ္ဇရာသတင်းဌာနသို့ ပြောသည်။

“ရန်ကုန်ကလာတဲ့အဖွဲ့တွေပါ နယ်ခြားစောင့်တပ် အပြောင်းအရွေ့နဲ့ လာတဲ့အဖွဲ့တွေပေါ့။ ၃၀ ရက်နေ့က ၂ ယောက် နဲ့ ဒီနေ့မှာ ၄၈ ယောက် တွေ့ထားတယ် စုစုပေါင်း အယောက် ၅၀ ပါ။ ၂ ယောက်ကတော့ဆေးရုံမှာ ကျန်တဲ့ လူတွေကတော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေမှာပဲ သီးသန့်စီခွဲထားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာ ၄၈ ဦးမှာ နယ်ခြားစောင့်ရဲ ပိုးတွေ့လူနာ ၂ ဦးနှင့်ဆက်စပ်သူတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစု ၁၄၂ ဦးကို စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4462224660456243

Leave a Reply

Your email address will not be published.