By VOA/ 2021 July 30
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ မုန်သုန်မိုးများပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၃ သိန်းကျော်လောက် ပိတ်မိနေပြီး ရိုဟင်ဂျာ ဒုက္ခသည်တချို့အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ ၁ သန်းနီးပါးရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသမှာ တနင်္လာနေ့ကစလို့ မုတ်သုန်မိုး အကြီးအကျယ်ရွာပြီး ရေကြီး မြေပြိုတာတွေ ကြုံနေရတာပါ။
“ကျမအိမ်ထဲကို ရေတွေဝင်လာတဲ့အချိန်မှာ ကျမအိမ်မှာ ကူမယ့်သူ ဘယ်သူမရှိဘဲ ကျမတယောက်တည်းရှိနေတာပါ။ ဒါပေမဲ့ ကျမပစ္စည်းတချို့ကိုတော့ ဘေးလွတ်ရာကိုရွှေ့နိုင်လိုက်ပြီးတော့ အခုတော့ ကျမလည်း ဒုက္ခသည်စခန်းမှာရှိတဲ့ တခြားမိသားစုတခုနဲ့ နေပါတယ်” လို့ ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။
ရေဘေးဒဏ်သင့် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ အစိုးရမဟုတ်တဲ့အဖွဲ့တွေက လုပ်ကိုင်နေတယ်လို့ စခန်းအမှတ် ၈ က ဒုက္ခသည်တဦးဖြစ်သူ Zakir Ahmed က ဗွီအိုအေ ဘင်္ဂလားဘာသာဌာနကို ပြောပါတယ်။
ဘေးဒဏ်သင့်သူတွေကို စာသင်ကျောင်းတွေမှာ ရွှေ့ထားပြီးတော့ စားစရာနဲ့ အဝတ်အထည်တွေ ပေးထားတယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ နေအိမ်အသစ်တွေကိုတော့ မဆောက်နိုင်သေးပါဘူး။ ရေဘေးဒဏ်သင့်နိုင်ခြေရှိတဲ့ ဒုက္ခသည်တွေ အိမ်ကထွက်ဖို့ ပြောခဲ့ပြီး ထွက်သူရှိသလို မထွက်သူတွေလည်းရှိတယ်လို့ Zakir ကပြောပါတယ်။ ခုချိန်ထိ မိုးကြီးရွာနေဆဲဖြစ်ပြီး ဒုက္ခသည်တွေအတွက် အန္တရာယ်ရှိနေဆဲပဲလို့လည်း Zakir ကပြောပါတယ်။
Cox’s Bazar ခရိုင်မှာ ရေဘေးကြောင့် လူ ၃ သိန်း ၆ ထောင်လောက် ပိတ်မိနေပြီး ကျေးရွာ ၇၀ ထက်မနည်း ရေမြှုပ်နေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး Mamunur Rashid က AFP သတင်းဌာနကို ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးသူ ၂၀ ထက်မနည်းမှာ ရိုဟင်ဂျာဒုက္ခသည် ၆ ဦးထက်မနည်း ပါတယ်လို့လည်း သူက ပြောပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159325949060170