ဖမ်းဆီးခံ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌအပါအဝင် ၇ ဦး (၁)လကျော်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

By Narinjara/ 2021 July 13

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခြင်းခံလိုက်ရသည့် မိုးပညာဒါနပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်အပါအဝင် ၇ ဦးသည် မိသားစုဝင်များနှင့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

“မိုး”ပညာဒါနပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် (၄၁) နှစ်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု ဦးအောင်ဝင်းနိုင်၏ ဇနီး ဒေါ်တွယ်တာစိုးက ပြောသည်။

၎င်းတို့ဖမ်းဆီးခံရသည်မှာ (၁)လကျော်ကြာလာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မည်သည့်နေရာတွင်ရှိသည်ကိုမသိရှိရဘဲ ပျောက်ဆုံးနေသည်ဟုလည်း ဆိုသည်။

“အိမ်မှာလည်း အရမ်းစိုးရိမ်နေကြတယ်။ အိမ်ထောင်ဦးစီးတစ်ယောက် အခုလို အဖမ်းခံထားရတော့ မိသားစုတွေအနေနဲ့ ထိခိုက်နစ်နာတာတွေက အများကြီးပဲပေါ့။ အလုပ်ကိစ္စတွေဆိုလည်း သူပဲ ဦးဆောင်ပြီးလုပ်နေတာ။ အခု အလုပ်တွေလည်း သူဦးဆောင်ပြီး မလုပ်ပေးနိုင်တာကြောင့် အရမ်းကြာနေတယ်။ ဒီတော့ စားဝတ်နေရေးကအစ အကုန်အခက်ခဲဖြစ်လာပါတယ်။ အိမ်က ကလေးတွေလည်း လမ်းပေါ်က ကားသံကြားရင် သူ့အဖေလားဆိုပြီး သွားကြည့်ကြတယ်။” ဟု ပြောသည်။

ဦးအောင်ဝင်းနိုင်တွင် ၉ လအရွယ်နှင့် ၅ နှစ်အရွယ် သမီးငယ်နှစ်ဦးတို့ ကျန်ခဲ့ပြီး ၎င်းနှင့်အတူဖမ်းဆီးခံထားရသူ ကျန် ၆ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများအား တောင်ကုတ်မြို့မရဲစခန်းသို့ ဇူလိုင်လ ၃ ရက်နေ့တွင် လွှဲပြောင်းပေးအပ်မည်ဟု သတင်းရ၍ ရဲစခန်းသို့ သွားခဲ့သော်လည်း ခင်ပွန်းဖြစ်သူတို့ ရောက်မလာ၍ မတွေ့ခဲ့ရကြောင်း သူမက ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်တို့ဖမ်းဆီးခံထားရသည့်ကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်နေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းအား နိရဥ္စရာက မေးမြန်းခဲ့ရာ ထိုကိစ္စအား မသိကြောင်း ဦးလှသိန်းက ဖြေကြားခဲ့သည်။

“ကျွန်တော်တော့ အဲဒါနဲ့ပတ်သက်ပြီးတော့ မသိပါဘူး။ ကျွန်တော်လည်း မီဒီယာမှာ ဖတ်ရတာက အဲဒီကနေ ရဲကိုလွှဲတယ်ဆိုပြီးတော့ မီဒီယာမှာ ဖတ်ရတယ်ပေါ့။ သူတို့ဟာ ဘယ်လိုကိစ္စတွေနဲ့ဆိုတာကို ကျွန်တော်မသိပါဘူး။ အဲဒီလို ဂိတ်မှာ ဖမ်းတယ်ဆိုလို့ရှိရင်တော့ ဖမ်းဆီးတဲ့အဖွဲ့အစည်းဆီမှာ ရှိမှာပေါ့။ ဖမ်းတယ်လို့ဆိုလို့ရှိရင်လေ ဟုတ်တယ်မလား။ ဘယ်သူမှမဖမ်းဘဲနဲ့ ပျောက်တယ်လို့မှ မဟုတ်တာ။ သူတို့မိသားစုတွေကပြောတော့ ဖုံညိုဂိတ်မှာ ဖမ်းတယ်ဆိုရင် ဘယ်အဖွဲ့က ဖမ်းလဲ၊ ရဲကဖမ်းရင် ရဲဆီမှာရှိမယ်။ တခြားအဖွဲ့အစည်းကဖမ်းရင် တခြားအဖွဲ့အစည်းဆီမှာရှိမယ်။”ဟု ၎င်းက ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်တို့ဖမ်းဆီးခံထားရသည့်ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း ယခုကိစ္စကို မသိရှိဟု နိရဥ္စရာကိုဖြေဆိုထားသည်။

ဖမ်းဆီးခံလိုက်ရသည့် ဦးအောင်ဝင်းနိုင်မှာ တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတသင်တန်းကျောင်းတွင် လိုအပ်သည်များကို တာဝန်ယူဖြေရှင်းပေးနေသူဖြစ်ပြီး ၎င်းမှာ ပရဟိတသမားတစ်ဦးသာဖြစ်ကာ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းအပေါ် စိတ်မကောင်းဖြစ်ကြောင်း ထိုသင်တန်းကျောင်းမှ ဆရာတော် ဒေါက်တာ အရှင်သိရိန္ဒက နိရဥ္စရာသို့ မိန့်ကြားသည်။

ယင်းကျောင်းကို အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းများအပြင် စိုက်ပျိုးရေးပညာများအား သင်ကြားပေးရန် ရည်ရွယ်ကာ ယခုနှစ်၊ ဧပြီလအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4491331527545556

Leave a Reply

Your email address will not be published.